
မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော်သည် တိုက်စစ်မှူး အောင်သူကစားနေသည့် ထိုင်းလိဂ်-၁ ကလပ် အူထိုင်းထာနီ အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်သည် ကမ္ဘောဒီးယားကလပ် Tiffy Army အသင်းနှင့် လမ်းခွဲအပြီး မကြာမီမှာပင် အသင်းသစ်ရရှိခဲ့ပြီး အူထိုင်းထာနီ အသင်းအနေဖြင့် စိုးမိုးကျော်ကို ခေါ်ယူထားကြောင်း တရားဝင်သတင်းမထုတ်ပြန်သေးသော်လည်း ဇန်နဝါရီ ၂၇ ရက်က ဆူခိုထိုင်း အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ထိုင်းလိဂ် ပွဲစဉ်တွင် အရန်လူစာရင်း၌ ထည့်သွင်းခဲ့သည်။
စိုးမိုးကျော်သည် အူထိုင်းထာနီအသင်းတွင် ကျောနံပါတ် ၆ ဝတ်ဆင်ကစားမည်ဖြစ်သည်။ စိုးမိုးကျော်သည် ၂၀၂၂ ခုနှစ်မှစတင် ကာ ပြည်ပကလပ်များတွင် သွားရောက်ကစားခဲ့ပြီး လေးသင်းမြောက် ပြည်ပကလပ်အသင်းအဖြစ် အူထိုင်းထာနီအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
စိုးမိုးကျော်သည် ၂၀၂၂ ခုနှစ်တွင် ထိုင်းလိဂ်-၂ ကလပ် ကာဆာဆတ် အသင်း၊ ၂၀၂၃-၂၀၂၄ ရာသီတွင် ကမ္ဘောဒီး ယားကလပ် ဖနွမ်းပင်ခရောင်းအသင်း၊ ၂၀၂၄-၂၀၂၅ ပထမရာသီဝက်တွင် ကမ္ဘောဒီးယားကလပ် Tiffy Army အသင်းတွင် ကစားခဲ့ခြင်းဖြစ်သည်။
စိုးမိုးကျော် ပြောင်းရွှေ့လာခြင်းကြောင့် ယခုရာသီ ထိုင်းလိဂ်-၁ တွင် ယှဉ်ပြိုင်နေသည့် ကလပ်အသင်းများတွင် မြန်မာကစားသမား ငါးဦး ပါဝင်ကစားလျက်ရှိပြီး အူထိုင်းထာနီ အသင်းတွင် အောင်သူနှင့် စိုးမိုးကျော်၊ လမ်ဖွန်ဝါရီယာအသင်းတွင် မောင်မောင်လွင်၊ ရရောင်းအသင်းတွင် လွင်မိုးအောင်၊ ချင်းရိုင်ယူနိုက်တက်အသင်းတွင် ဝင်းနိုင်ထွန်းတို့ ပါဝင်ကစားလျက်ရှိသည်။