Eleven Media Group

တိုက်စစ်မှူးအသစ် ခေါ်ယူရန်လိုအပ်နေသော်လည်း အသင်းအား ပိုကောင်းလာစေမည့် ကစားသမားကိုသာ ခေါ်ယူလိုသည်ဟု အာတီတာ ပြောကြား

Photo: YouTube

အာဆင်နယ်နည်းပြ အာတီတာက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးအသစ် ခေါ်ယူရန် လိုအပ်နေသော်လည်း ရရာကစားသမားကို ခေါ်ယူမည် မဟုတ်ဘဲ အသင်းအား ပိုကောင်းလာစေမည့် ကစားသမားကိုသာ ခေါ်ယူလိုသည်ဟု ပြောကြားခဲ့သည်။

"ကျွန်တော့် အမြင်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ အလွန်အရေးပါတဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ဆာကာနဲ့ ဂျေးဇူးတို့ကို ဆုံးရှုံးထားရပါတယ်။ ဒါကြောင့် ဂိုးတွေရော၊ လူတွေရော၊ တိုက်စစ်အတွက် ရွေးချယ်စရာတွေရော အားနည်းနေပါတယ်။ ဒီကာလမှာ ကျွန်တော်တို့အနေနဲ့ အကူအညီတချို့ လိုအပ်နေတာ ထင်ရှားပါတယ်။ ဒီအတွက် မှန်ကန်တဲ့ကစားသမားကို ခေါ်ယူနိုင်ဖို့ ရှာဖွေနေပါတယ်။ ရရာကစားသမားကိုတော့ မခေါ်ချင်ပါဘူး။ အသင်းကို ပိုကောင်းလာစေမယ့်သူ၊ အသင်းအပေါ် အကျိုးသက်ရောက်မှုဖြစ်စေမယ့်သူမျိုးပဲ လိုအပ်တာပါ"ဟု အာတီတာက ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် မြန်မာစံတော်ချိန် နံနက် ၂း၃၀ တွင် ချန်ပီယံလိဂ် League Phase နောက်ဆုံးပွဲအဖြစ် ဂျီရိုနာအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်တွင် ၄၄ ဂိုးသွင်းယူထားပြီး လီဗာပူးလ် ၅၄ ဂိုး ၊ မန်စီးတီး ၄၇ ဂိုး ၊ စပါး ၄၆ ဂိုး ၊ ချယ်လ်ဆီး ၄၅ ဂိုး တို့၏နောက် စတုတ္ထနေရာတွင်ရပ်တည်နေသည်။

မူရင်းသတင်း — Eleven Media Group