
အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း၏ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းဟောင်း ဘာစီလိုနာသို့ ပြန်ရန် ဆုံးဖြတ်ထားကြောင်း ကစားသမား၏ မိသားစုသူငယ်ချင်းဖြစ်သူက ပြောကြားခဲ့သည်။
အသက် (၃၇) နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီသည် ၂၀၂၃ နွေရာသီတွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး နောက် အင်တာမိုင်ယာမီအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းသည် ၂၀၂၃ နွေရာသီတွင် မက်ဆီအား (၂) နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။ မက်ဆီသည် အင်တာမိုင်ယာမီအသင်းထံ ရောက်လာရှိ ပြီးနောက် အသင်းကို လိဂ်ဖလားနှင့် Supporters Shield များကို ရယူပေးထားသူဖြစ်သည်။
အင်တာမိုင်ယာမီအသင်းသည် အသင်းနှင့် စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့သည့် Ballon d'Or စံချိန်တင် (၈) ကြိမ်ပိုင်ရှင် မက်ဆီအား စာချုပ်သစ် ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် မက်ဆီ၏မိသားစုနှင့် အလွန်ရင်းနှီးသည့် သူငယ်ချင်းတစ်ဦးဖြစ်သော ရန်နီယာလာတော်ရေးဆိုသူက မက်ဆီအနေဖြင့် အင်တာ မိုင်ယာမီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးပါက အသင်းဟောင်း ဘာစီလိုနာသို့ ပြန်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ဘာစီလိုနာအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းနှင့်အတူ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သက်သေပြနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၂၁ နွေရာသီတွင် ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် PSG အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ရသော်လည်း အခွင့်ရတိုင်း ဘာစီလိုနာအသင်းထံသို့ ပြန်ရန် ကြိုးပမ်းခဲ့သူဖြစ်သည်။
လက်ရှိတွင် မက်ဆီအနေဖြင့် ဘာစီလိုနာသို့ မည်သည့်ပုံစံဖြင့် ပြန်မည်ကို မသိသေးသော်လည်း အင်တာမိုင်ယာမီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက ဘာစီလိုနာသို့ ပြန်ရန် ဆုံးဖြတ်ထားကြောင်း ၎င်း၏သူငယ်ချင်းက အတည်ပြုခဲ့ခြင်းဖြစ်သည်။ မက်ဆီ၏မိသားစုသူငယ်ချင်း လာတော်ရေးက "သူ(မက်ဆီ)က အင်တာမိုင်ယာမီအသင်း နဲ့ စာချုပ်သက်တမ်းကုန်ဆုံးရင် သူ ပျော်တဲ့ ဘာစီလိုနာကို ပြန်မယ်လို့ ကျွန်မတို့ကို ပြောဆိုထားတာပါ။ ပြီးတော့ မိုင်ယာမီက သူ့နေရာမဟုတ်ဘဲ ဘာစီလိုနာကသာ သူ့နေရာဖြစ်တယ်လို့လည်း မက်ဆီက ပြောဆိုခဲ့ပါတယ်"ဟု အာဂျင်တီးနားသတင်းစာ La Nacion သို့ ပြောကြားခဲ့သည်။
အင်တာမိုင်ယာမီအသင်းကမူ မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် အသည်းအသန်းကြိုးပမ်းနေသည်။ အင်တာမိုင်ယာမီပူးတွဲပိုင်ရှင် ဂျော့ချ်မားစ်က မက်ဆီအား အသင်း တွင် ၂၀၂၆ ခုနှစ်အထိ ဆက်ရှိနေရန်အတွက် ကစားသမားနှင့် ဆွေးနွေးနေကြောင်း အတည်ပြုထားသည်။