Eleven Media Group

လိင်တူချစ်သူဖြစ်ကြောင်း ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်ဟောင်း ဒေးဗစ်ကူတီ ဝန်ခံခဲ့ပြီး စိတ်ထွက်ပေါက်အနေဖြင့် ကိုကင်းသုံးစွဲခဲ့ကြောင်း ရှင်းလင်း

Photo: The Sun

ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်ဟောင်းဖြစ်သူ ဒေးဗစ်ကူတီက မိမိသည် လိင်တူချစ်သူဖြစ်ပြီး ကြမ်းတမ်းသည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို ကိုင်တွယ်ခဲ့ရသည့်အတွက် စိတ်ဖိစီးမှုများခဲ့ပြီး စိတ်ထွက်ပေါက်အနေဖြင့် ကိုကင်းသုံးစွဲခဲ့ကြောင်း The Sun သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဝန်ခံပြောကြားခဲ့သည်။

အသက် (၄၂)နှစ်အရွယ် အင်္ဂလိပ်လူမျိုးဒိုင်လူကြီး ဒေးဗစ်ကူတီသည် ၂၀၂၄ နိုဝင် ဘာတွင် လီဗာပူးလ်အသင်းနှင့် လီဗာပူးလ်နည်းပြဟောင်း ကလော့ပ်ကို ကြမ်းတမ်းသည့် စကားလုံးဖြင့်ဆဲဆိုသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်အဖြစ်မှ တာဝန်ရပ်စဲခံခဲ့ရသည်။

ယင်းနောက် ယူရို ၂၀၂၄ ပြိုင်ပွဲကာလတွင် ဂျာမနီနိုင်ငံ၌ ဒေးဗစ်ကူတီ ကိုကင်းသုံးစွဲခဲ့သည်ဟုဆိုကာ The Sun က ဗီဒီယိုနှင့်တကွ ဖော်ထုတ်ခဲ့ သည်။ ယခုအခါ ဒေးဗစ်ကူတီက ၎င်းသည် လိင်တူချစ်သူဖြစ်ကြောင်း The Sun နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဝန်ခံခဲ့ခြင်းဖြစ်သည်။

ကူတီက "ဆယ်ကျော်သက်ဘဝမှာ ကျွန်တော် လိင်ပိုင်းဆိုင်ရာခံယူချက်နဲ့ပတ်သက်လို့ အရမ်း ကို ရှက်ရွံခဲ့ရပါတယ်။ အသက် (၂၁) မှာမှ မိသားစုတွေကို လိင်တူချစ်သူဖြစ်ကြောင်း ကျွန်တော် အသိပေးခဲ့ပြီး အသက် (၂၅)နှစ်မှာမှ သူငယ်ချင်းတွေကို အသိပေးခဲ့တာပါ။ ငယ်ရွယ်တဲ့ ကွင်းလယ်ဒိုင်တစ်ဦးအနေနဲ့ ကျွန်တော်ရဲ့ ခံစားချက်ကို ဖုံးကွယ်ထားရသလို၊ ကျွန်တော့် ရဲ့ လိင်ပိုင်းဆိုင်ရာကိုလည်း ဖုံးကွယ်ထားခဲ့ရတယ်။ ဒါက ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်။ အဲဒီလိုလုပ်ရာကနေ အခုလိုအဖြစ်အပျက်တွေဖြစ်ကုန်တာပါ"ဟု ဆိုခဲ့သည်။

ထို့ပြင် ကူတီက ၎င်း၏လိင်ပိုင်ဆိုင်ရာခံယူချက်ကြောင့် စိတ်ဖိစီးမှုများခဲ့ပြီး ထွက်ပေါက်အနေဖြင့် ကိုကင်းသုံးစွဲခဲ့ကြောင်းလည်း အဆိုပါအင်တာဗျူးတွင် ဝန်ခံခဲ့သည်။ ကူတီ က "ကျွန်တော် အဲဒါ(ကိုကင်း)ကို မသုံးဘဲ အကြာကြီး နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော့်အတွက် တစ်ခုတည်းသော ထွက်ပေါက်ပါပဲ။ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်နဲ့ စိတ်ဖီစီးမှုတွေက ရှောင်ဖို့ အဲဒါကို ကျွန်တော် လုပ်ခဲ့ပါတယ်။ လိင်တူဖြစ်ကြောင်း ထုတ်ပြောဖို့အရမ်းခက်ခဲလို့ အဲဒီလမ်း(ကိုကင်းသုံးစွဲတာ)ကို ကျွန်တော် ရွေးခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group