Eleven Media Group

မန်စီးတီးနှင့် (၉)နှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့သော်လည်း အသင်း (၃) သင်းသို့ ဟာလန်း ပြောင်းရွှေ့နိုင်ကြောင်း စပိန်အားကစားသတင်းစာ Marca ဖော်ပြ

Photo: Getty Images

မန်စီးတီးတိုက်စစ်မှူး ဟာလန်း အနေဖြင့် အသင်းနှင့် (၉)နှစ်ခွဲသက် တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့သော်လည်း ဥရောပထိပ်တန်းအသင်း (၃)သင်းသို့ စိတ်တိုင်းကျပြောင်းရွှေ့ နိုင်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ဇန်နဝါရီ (၁၇)ရက်က အသင်းတိုက်စစ်မှူး ဟာလန်းအား ၂၀၃၄ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းစာချုပ်အရ အသက် (၂၄)နှစ်အရွယ် နော်ဝေလက် ရွေးစင်တိုက်စစ်မှူး ဟာလန်းအနေဖြင့် ကစားသမားဘဝအကောင်းဆုံးအချိန်များကို မန်စီးတီးအသင်းတွင် ကစားသွားမည်ဆိုသည့်အဓိပ္ပာယ် ဖြစ်သည်။

သို့သော် Marca က ဟာလန်း အနေဖြင့် မန်စီးတီးအသင်းနှင့်ဘောလုံးသမိုင်းတွင် သက်တမ်းအရှည်ဆုံး စာချုပ်ကို ချုပ်ဆိုခဲ့သော်လည်း ယင်းစာချုပ်တွင် ဟာလန်း စိတ်ကြိုက်ဆုံးဖြတ်နိုင်သည့်အချက် ပါဝင်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဟာလန်းအနေဖြင့် မန်စီးတီးနှင့်နှစ်ရှည်စာချုပ် ချုပ်ဆိုထားသော်လည်း ရီးယဲလ်၊ ဘာစီလိုနာနှင့် PSG အသင်းတို့ ကမ်းလှမ်းလာပါက ၎င်းစိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိနေကြောင်း Marca က ဖော်ပြခဲ့သည်။ ဟာလန်းသည် မန်စီးတီးအသင်းနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုပြီးနောက် ပရီးမီးယားလိဂ်(၂)ပွဲဆက် ဂိုးသွင်းထားသည်။

မူရင်းသတင်း — Eleven Media Group