Eleven Media Group

အသင်းအတွက် အကူအညီမဖြစ်သည့် ရပ်ရှ်ဖို့ဒ်အား အဝတ်လဲခန်းအတွင်း ဝင်ထွက်ခွင့်ပါ ပိတ်ပင်သင့်ကြောင်း မန်ယူဂန္ထဝင် ပေါလ်စခိုးလ် ပြောကြား

Photo: Daily Mail

မန်ယူဂန္ထဝင် ပေါလ်စခိုးလ်က အသင်းအတွက် အကူအညီမဖြစ်သည့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် အား အသင်းအဝတ်လဲခန်းအတွင်း ဝင်ထွက်ခွင့်ပါ ပိတ်ပင်သင့်ကြောင်း ပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း၏ပြိုင်ပွဲစုံနောက်ဆုံး(၁၁) ပွဲဆက်တိုက် ပါဝင်ကစားခွင့်မရဘဲ ယင်း (၁၁) ပွဲတွင် နယူးကာဆယ်နှင့်ပွဲမှလွဲပြီး ကျန်ပွဲများတွင် အသင်းလူစာရင်း၌ပင် ပါဝင်ခြင်းမရှိခဲ့ပေ။ မန်ယူ အသင်းနည်းပြ အာမိုရင်မ်အနေဖြင့် ကနဦးတွင် ရပ်ရှ်ဖို့ဒ်၏ စိတ်သဘောထားနှင့် လေ့ကျင့်ရေးကွင်းမှ စွမ်းဆောင်ရည်ကို မကြိုက်ဟုဆိုကာ အသင်း၏လူစာရင်းမှ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရပ်ရှ်ဖို့ဒ် က အင်တာဗျူးတွင် ၎င်းအနေဖြင့် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန်အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ယခုဇန်နဝါရီတွင် အသင်းမှ ထွက်ခွာမည်ဟုသတင်းထွက်နေပြီး မန်ယူပထမအသင်းနှင့်အတူ လေ့ကျင့်နေဆဲဖြစ်သည်။

သို့သော် ဖူလ်ဟမ်နှင့်ပွဲအပြီးတွင် အာမိုရင်မ်က ရပ်ရှ်ဖို့ဒ်အား အသင်းလူစာရင်းတွင်ထည့်မည့်အစား အသက် (၆၃)နှစ်အရွယ်ဂိုးနည်းပြကိုသာ အရန်ခုံတွင် ထိုင်ခိုင်းမည် ဟု ပြောဆိုခဲ့ရာ မန်ယူအသင်းအတွက် ရပ်ရှ်ဖို့ဒ် ပြန်ကစားခွင့်ရတော့မည်မဟုတ်ဟု သုံးသပ်မှုများ ရှိနေသည်။

ယခုအခါ ပေါလ်စခိုးလ်က အာမိုရင်မ်အနေဖြင့် ရပ်ရှ်ဖို့ဒ်ကို ယခုထက်ပိုရက်စက်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက "ရပ်ရှ်ဖို့ဒ်က လူအများကို စိတ်ဓာတ်ကျစေသူလို့ထင်ပါတယ်။ အာမိုရင်မ် ပြောချင်တာ ရပ်ရှ်ဖို့ဒ်ရဲ့ စိတ်နေစိတ်ထားပိုင်းဖြစ်လိမ့်မယ်။ အသင်းကြီးရောက်လာတဲ့ လူငယ်တွေက ရပ်ရှ်ဖို့ဒ်ကို ကြည့်ကြမှာပါ။ သူ့အသက် (၂၇)နှစ်ရှိပြီး လေ့ကျင့်ရေးတောင် ကောင်းကောင်းမလုပ်နိုင်ဘူး"ဟု ဆိုခဲ့သည်။

ထို့ပြင် ပေါလ်စခိုးလ်က ၎င်းကစားသမားဘဝက အဖြစ်အပျက်နှင့်ယှဉ်ကာ ရပ်ရှ်ဖို့ဒ်ကို အဝတ်လဲခန်းဝင်ထွက်ခွင့်ပါပိတ်ပင်သင့်ကြောင်း ပြောကြားခဲ့သည်။ "ကစားသမားဘဝတုန်းက အာဆင်နယ်နဲ့ပွဲမှာ မကစားချင်ဘူးလို့ ဖာဂူဆန်ကို ပြောခဲ့တာကို သတိရပါတယ်။ အဲဒီတုန်းက ဖာဂူဆန်က မင်းကတစ်သင်းလုံးကို စိတ်ပျက်စေခဲ့တာပါပဲလို့ ပြန်ပြောခဲ့တယ်။ အခု ရပ်ရှ်ဖို့ဒ်လည်း အဲဒီလိုလုပ်နေတယ်ထင်တယ်။ သူ့ကို အဝတ်လဲခန်းအတွင်း ဝင်ထွက်ခွင့်ပါ ပိတ်ပင်သင့်ပါတယ်" ဟု ပေါလ်စခိုးလ်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group