
ဂျူဗင်တပ်စ်အသင်းသည် လာမည့် ၂၀၂၅ နွေရာသီတွင် အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်အား ရောင်းထုတ်မည်ဖြစ်ပြီး ၎င်း၏နေရာတွင် အစားထိုးရန် ဇက်ဇီနှင့် အိုဆင်မန်တို့ကို ပစ်မှတ်ထားနေကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆိုထားသည့် ဗလာဟိုဗစ်၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ဇွန်လကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် အသက် (၂၅) နှစ်အရွယ် ဆားဘီးယားလက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်အား စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုဇန်နဝါရီမှာပင် ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုများကို စောင့်ဆိုင်းနေသော်လည်း စျေးကွက်ပိတ်တော့မည်ဖြစ်ရာ လာမည့် ၂၀၂၅ နွေရာသီမှသာ လိုချင်သည့်စျေးဖြင့် ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်သည်။
La Gazzetta dello Sport ၏ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် ဗလာဟိုဗစ်အား ရောင်းချပြီးပါက ၎င်း၏နေရာတွင် အစားထိုးရန် မန်ယူတိုက်စစ်ကစားသမား ဇက်ဇီနှင့် ဂါလာစာရေးတွင် အငှားသွားကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန် တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။
ဂျူဗင်တပ်စ် အသင်းသည် ဗလာဟိုဗစ်ကို ရောင်းထုတ်ပြီးပါက ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးကို အရခေါ်ယူလိုနေခြင်းဖြစ်သည်။