Eleven Media Group

ကစားသမားကိုယ်တိုင် ထွက်ခွာခွင့်တောင်းမှသာ ဆော်ဒီပရိုလိဂ်သို့ ဗင်နီစီယပ်စ်ကို ယူရိုသန်း (၃၀၀) ဖြင့် ရီးယဲလ်အသင်း ရောင်းချမည်

Photo: Stake

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းတောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ကစားသမားကိုယ်တိုင် အသင်းထံ ထွက်ခွာခွင့်တောင်းမှသာ ဆော်ဒီပရိုလိဂ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀၀) ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း စပိန်သတင်းစာ AS က ဖော်ပြခဲ့သည်။
ဆော်ဒီပရိုလိဂ်မှ တာဝန်ရှိသူများသည် အသက် (၂၄) နှစ်အရွယ် ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက စိတ်ဝင်စားခဲ့ပြီး ကစားသမား၏ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ပြီးခဲ့သည့်ဒီဇင်ဘာကလည်း ဗင်နီစီယပ်စ်အား ခေါ်ယူရန် ချိတ်ဆက်ခဲ့ပြီး ယခု ဇန်နဝါရီအပြောင်းအရွှေ့မပိတ်မီ ကမ်းလှမ်းရန်စီစဉ်နေကြောင်း သိရသည်။
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းသည် ဗင်နီစီယပ်စ်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀၀) ပေးချေမည်ဖြစ်ပြီး တစ်နှစ်လစာ ယူရိုသန်း (၂၀၀) ဖြင့် (၅)နှစ်စာချုပ်အတွက် ယူရို (၁)ဘီလီယံ ပေးချေရန် အသင့်ရှိနေကြောင်း သိရှိရသည်။
ဗင်နီစီယပ်စ်အနေဖြင့် အယ်လ်အာလီအသင်းနှင့် လက်မှတ်ရေးထိုးဖြစ်ခဲ့ပါက ဘောလုံးသမိုင်းတွင် ပထမဆုံး ယူရို (၁) ဘီလီယံတန် စာချုပ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
သို့သော် ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်းတွင်သာ ဆက်နေလိုကြောင်း ပြောကြားထားသလို၊ ရီးယဲလ်အသင်းအနေဖြင့်လည်း ဗင်နီစီယပ်စ်ကို ယူရိုသန်း (၃၀၀) ဖြင့် ရောင်းထုတ်လိုခြင်းမရှိကြောင်း သိရသည်။
AS ၏ ဖော်ပြချက်အရ ရီးယဲလ်အသင်းသည် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဗင်နီစီယပ်စ်အား စာချုပ်လျော်ကြေးဖြစ်သည့် ယူရို (၁) ဘီလီယံရမှသာ ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။
သို့သော် ဗင်နီစီယပ်စ်ကိုယ်တိုင်က အသင်းမှထွက်ခွာခွင့် တောင်းဆိုခဲ့မည်ဆိုပါက အယ်လ်အာလီအသင်း၏ ယူရိုသန်း (၃၀၀) ဖြင့် ကမ်းလှမ်းမှုကို ရီးယဲလ်အသင်းအနေဖြင့် လက်ခံသွားမည်ဖြစ်ကြောင်းလည်း AS က ဖော်ပြခဲ့သည်။
ဗင်နီစီယပ်စ်သည် ၂၀၁၈ တွင် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းမှ ရီးယဲလ်အသင်းသို့ ယူရို (၄၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ရီးယဲလ်၏အဓိက ကစားသမားဖြစ်လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၉၂) ပွဲတွင် (၁၀၁) ဂိုးသွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group