Eleven Media Group

လာလီဂါမှာ ချန်ပီယံလိဂ်ထက် ပိုအရေးကြီးဟု ဟန်ဆီဖလစ်ခ်ဆို

Photo: X

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က ၎င်းတို့အသင်းအတွက် လာလီဂါပြိုင်ပွဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲထက် ပိုအရေးကြီးကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်တွင် ရှုံးထွက် (၁၆)သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်သွားပြီဖြစ်သော်လည်း လာလီဂါတွင် ရုန်းကန်နေရသည်။
ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၂၁) အပြီးတွင် ရမှတ် (၄၂) မှတ်ဖြင့် အဆင့် (၃) နေရာ ရပ်တည်နေပြီး အဆင့် (၂) နေရာမှ အက်သလက်တီကို (၄၅ မှတ်)နှင့် (၃) မှတ်ကွာဟနေသလို၊ ထိပ်ဆုံးမှ ရီးယဲလ် (၄၉ မှတ်)နှင့် (၇) မှတ်အထိ ကွာဟနေသည်။
သို့ သော် ဟန်ဆီဖလစ်ခ်က ''ကျွန်တော့်အတွက် လာလီဂါက အရေးအကြီးဆုံးပါ။ ရာသီအကုန်မှာ ကျွန်တော်တို့ ဒါကို အကဲဖြတ်ရမှာပါ။ ချန်ပီယံလိဂ်က အရင်က ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ။ အဲဒီပြိုင်ပွဲက အနိုင်ရဖို့၊ ချန်ပီယံဖြစ်ဖို့ အရမ်းခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုပါ''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group