
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက အသင်းတွင် စိတ်ကူးထားသည့်အတိုင်း ဖြစ်မလာခဲ့ကြောင်း ဝန်ခံခဲ့သည်။
နေမာ(၃၂)နှစ်အနေဖြင့် ဇန်နဝါရီလ(၂၉)ရက်က အယ်လ်ဟီလာအသင်းသို့ ရောက်လာပြီး နည်းပြအဖွဲ့နှင့် အသင်းဖော်များကို လာရောက်နှုတ်ဆက်စဉ်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''အယ်လ်ဟီလာကလပ်ကို ကျေးဇူးတင်ပါတယ်။ အယ်လ်ဟီလာပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီကိုစတင်ရောက်ရှိလာတဲ့ ပထမဆုံးနေ့ကတည်းက ချစ်ခင်အားပေးမှုအတွက်ပေါ့။ ကံမကောင်းစွာနဲ့ပဲ စိတ်ကူးထားခဲ့သလို ဖြစ်မလာခဲ့ပါဘူး။ အယ်လ်ဟီလာအသင်းမှာ ပွဲများစွာ ကစားဖို့၊ ဂိုးများစွာသွင်းဖို့နဲ့ ပရိသတ်တွေ ပျော်ရွှင်အောင် ပြုလုပ်ပေးဖို့ ကျွန်တော် ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပေါ့။ ကံမကောင်းစွာ ကျွန်တော် ဒဏ်ရာရခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါပေမဲ့ ဒီအရာဟာ ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော့်ကိုပေးခဲ့တဲ့ ခင်တွယ်မှုနဲ့ ချစ်ခြင်းတရားအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မိသားစုနဲ့အတူ အိမ်လိုပဲ ခံစားခဲ့ရပါတယ်။ ကျွန်တော် အရမ်းပျော်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပါပဲ။ ဆက်လက်ဖြစ်နေဦးမှာပါ။ တစ်ခါတစ်ရံမှာ အရာခပ်သိမ်း ကျွန်တော်တို့ ဆန္ဒရှိသလို မဖြတ်သန်းခဲ့ရဘူး။ ချစ်လှစွာသော တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်''ဟု နေမာက ပြောကြားခဲ့သည်။
နေမာသည် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ(၉၀)သန်းဖြင့် အယ်လ်ဟီလာအသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ရောက်ရှိလာပြီး တစ်နှစ် ဒေါ်လာသန်း(၁၀၀)အထိ ရရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ယခုနှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းရာတွင် သူ၏လက်ကျန်စာချုပ်သက်တမ်းအတွက် ပေးရန်ရှိသည့် ဒေါ်လာ(၆၅)သန်းအနက် ဒေါ်လာ (၂၅)သန်းနှင့် သန်း(၃၀)ကြားဖြင့် သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် နေမာသည် အယ်လ်ဟီလာအသင်းမှ အနည်းဆုံး ဒေါ်လာ သန်း(၁၆၀)နီးပါး ရရှိခဲ့ကြောင်း သိရသည်။
နေမာအနေဖြင့် အယ်လ်ဟီလာအသင်းတွင်ရှိခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း ဒဏ်ရာပြဿနာများနှင့်သာ ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။
အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲနှင့် ပွဲကစားချိန်မှာ (၄၂၈)မိနစ်သာရှိခဲ့ပြီး တစ်ဂိုးသာ သွင်းယူနိုင်ကာ နှစ်ဂိုးဖန်တီးပေးခဲ့သည်။
ယခုရာသီတွင် နှစ်ပွဲသာ ကစားခဲ့ရပြီး နောက်ဆုံးပွဲမှာ လူစားဝင်ကစားခဲ့ရခြင်းဖြစ်သည်။
နေမာသည် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းသို့ (၆)လစာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နေမာသည် ဆန်းတို့စ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ပရိုကစားသမားဘဝကိုလည်း ဆန်းတို့စ်အသင်းနှင့်အတူ စတင်ခဲ့ကာ ကမ္ဘာ့ဘောလုံးလောကတွင် ထင်ရှားလာခဲ့ခြင်းဖြစ်သည်။