Eleven Media Group

မန်ယူအသင်းတွင် အာမိုရင်မ်နှင့် ရပ်ရှ်ဖို့ဒ် ဆက်ဆံရေးပြိုကွဲနေပြီး စကားပြောဆိုခြင်းမရှိကြောင်း သတင်းထွက်

Photo: X

မန်ယူအသင်းနည်းပြ အာမိုရင်မ်နှင့် အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်တို့ ဆက်ဆံရေးပြိုကွဲနေပြီး တစ်ဦးနှင့်တစ်ဦး စကားပြောဆိုခြင်းမရှိကြောင်း ဗြိတိန်သတင်းစာ The Guardian က ဖော်ပြခဲ့သည်။
အသက် (၂၇) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ဒီဇင်ဘာ (၁၂) ရက်က မန်ယူအသင်းအတွက် နောက်ဆုံးကစားခဲ့ပြီး စတူအာဘူခါရက်နှင့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီအထိ ပြိုင်ပွဲစုံ (၁၁) ပွဲဆက် ပါဝင်ကစားခွင့် မရခဲ့ပေ။
ထို့ပြင် ဖူလ်ဟမ်နှင့် ပွဲအပြီးတွင် အာမိုရင်မ်က ရပ်ရှ်ဖို့ဒ်ကို အသင်းလူစာရင်းတွင် ထည့်သွင်းမည့်အစား အသက် (၆၃)နှစ်အရွယ် ဂိုးနည်းပြကိုသာ အရန်ခုံထိုင်ခိုင်းမည်ဟု ပြောကြားခဲ့သည်။
ယခုအခါ The Guardian သတင်းစာက မန်ယူအသင်းတွင် အာမိုရင်မ်နှင့် ရပ်ရှ်ဖို့ဒ်တို့အကြား ဆက်ဆံရေးပြိုကွဲနေပြီး ၎င်းတို့နှစ်ဦးအနေဖြင့် အချင်းချင်း စကားပြောဆိုခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ယခုဇန်နဝါရီတွင် မန်ယူမှထွက်ခွာမည်ဟု သတင်းထွက်နေသော်လည်း လက်ရှိအချိန်အထိ အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေဆဲဖြစ်သည်။
သို့သော် အာမိုရင်မ်သည် ရပ်ရှ်ဖို့ဒ်ကို တိုက်ရိုက်စကားပြောဆိုခြင်းမရှိဘဲ အသင်းကစားသမားအားလုံးကို စကားပြောဆိုမှသာ ရောပြီးပြောဆိုလေ့ရှိကြောင်း သိရသည်။
ထို့ကြောင့် ရပ်ရှ်ဖို့ဒ်အနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ အသင်းမပြောင်းရွှေ့နိုင်ခဲ့ပါက မန်ယူအသင်းတွင် ယခုရာသီကုန်အထိ ပွဲကစားခွင့်မရဘဲ အချိန်ဖြုန်းရနိုင်ကြောင်းလည်း The Guardian က ဖော်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group