
ဆော်ဒီလိဂ်ပြိုင်ပွဲတွင် ရလဒ်မကောင်းဘဲ ရုန်းကန်နေရသည့် အယ်လ်အစ်တီဖာအသင်းသည် နည်းပြဖြစ်သူ စတီဗင်ဂျရတ်နှင့် ဇန်နဝါရီ ၂၉ ရက်တွင် နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဂျရတ် (၄၄ နှစ်) သည် ၂၀၂၃ ခုနှစ် ဇူလိုင်တွင် အယ်လ်အစ်တီဖာအသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် ၂၀၂၇ ခုနှစ်အထိ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသည်။
သို့သော် ယခုရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲ၌ ရလဒ်မကောင်းဘဲ ရုန်းကန်နေရသဖြင့် နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အယ်လ်အစ်တီဖာအသင်းသည် ဂျရတ် ကိုင်တွယ်သည့် ပထမရာသီ (၂၀၂၃-၂၀၂၄) တွင် ၃၄ ပွဲကစား၊ ၄၈ မှတ်ဖြင့် အဆင့် ၆ နေရာ ရပ်တည်နိုင်ခဲ့သည်။
သို့သော် ယခုရာသီ (၂၀၂၄-၂၀၂၅) တွင်မူ ၁၇ ပွဲကစားပြီးနောက် ငါးပွဲသာ အနိုင်ရထားပြီး လေးပွဲ သရေ၊ ရှစ်ပွဲရှုံး၊ ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၁၂ နေရာ ရပ်တည်နေသည်။
ဆော်ဒီလိဂ်ပြိုင်ပွဲတွင် ၁၈ သင်းရှိသည့်အနက် အယ်လ်အစ်တီဖာအသင်းမှာ အဆင့် ၁၂ ရောက်ရှိနေသလို တန်းဆင်းဇုန်အဆင့် ၁၆ နေရာနှင့် ငါးမှတ်သာ ကွာဟတော့သည်။
ထို့ကြောင့် ဂျရတ်က ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ အသင်းကလည်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျရတ်သည် သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံး ကွင်းလယ်လူများအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ကစားသမားဘဝကို လီဗာပူးလ် (၁၉၉၈- ၂၀၁၅) နှင့် LA ဂလက်ဆီ (၂၀၁၅-၂၀၁၆) အသင်းတွင် ဖြတ်သန်းခဲ့သည်။
၎င်းသည် ကစားသမားဘဝမှ အနားယူပြီးနောက် ရိန်းဂျားစ်အသင်းကို ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာအထိ ကိုင်တွယ်ရာ ၂၀၂၀- ၂၀၂၁ ရာသီ စကော့တစ်ပရီးမီးယားရှစ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။
ထို့နောက် ဗီလာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာမှ ၂၀၂၂ ခုနှစ် အောက်တိုဘာအထိ တစ်နှစ်ကြာ ကိုင်တွယ်ခွင့်ရခဲ့သည်။