Eleven Media Group

လက်ရှိခြေစွမ်းအရ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန်မဖြစ်နိုင်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ

Photo: X

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်ရှိခြေစွမ်းအရ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားသည်။
မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက်အဆင့် Play-offs ကစားခွင့်ရရန်အတွက် နောက်ဆုံးပွဲအထိ ရုန်းကန်ခဲ့ရပြီး ရှစ်ပွဲကစား၊ သုံးပွဲသာ အနိုင်ရကာ နှစ်ပွဲသရေ၊ သုံးပွဲရှုံး၊ ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၂၂ နေရာ ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် Play-offs အဆင့်အတွက် ဆီဒင်မဲ့အဖြစ်သတ်မှတ်ခံရပြီး အဆင့် ၁၁ နေရာမှ ရီးယဲလ်မက်ဒရစ် သို့မဟုတ် အဆင့် ၁၂ နေရာမှ ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆုံတွေ့မည်ဖြစ်သည်။
ကလပ်ဘရုဂေးအသင်းနှင့် နောက်ဆုံးပွဲအပြီးတွင် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲနိုင်ခြေရှိမရှိ မေးမြန်းမှုအပေါ် ဂွါဒီယိုလာက ''အခုပုံစံအတိုင်းဆိုရင် မဖြစ်နိုင်ပါဘူး။ ကျွန်တော်က အရမ်းလက်တွေ့ကျတဲ့သူပါ။ သူတို့တွေက ကျွန်တော်တို့ထက် အတွေ့အကြုံပိုရှိပါတယ်။ မက်ဒရစ်က နောက်ဆုံးပွဲစဉ်တွေမှာ ပြန်လာနိုင်ခဲ့တယ်။ ဘိုင်ယန်ကလည်း ဗင်နီ (ကွန်ပနီ) နဲ့ မယုံနိုင်စရာ ရာသီတစ်ခု ရရှိထားပါတယ်။ မနက်ဖြန် ကစားရမယ်ဆိုရင် ခက်ခဲမှာပါ။ ဒါပေမဲ့ နှစ်ပတ် အကြာမှာ ကျွန်တော်တို့အခြေအနေက ဘယ်လိုရှိမလဲ၊ ကစားသမားတွေက ဘယ်လိုရှိမလဲဆိုတာ မသိပါဘူး။ ကစားသမားတွေကတော့ အဝတ်လဲခန်းထဲမှာ ပြောပါတယ်။ ဘိုင်ယန် ဒါမှမဟုတ် ရီးယဲလ် အဲဒါက အဆင်ပြေတယ်။ သူတို့ကြံ့ခိုင်မှုပြည့်ဝနေမှာဖြစ်ပြီး ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့လို့ ပြောကြတယ်။ ဒီနေ့မှာ မဖြစ်နိုင်ဘူးလို့ပြောပေမဲ့ မနက်ဖြန်ကျရင် စိတ်အခြေအနေ ဒါမှမဟုတ် ခံစားချက်တွေက ပြောင်းလဲသွားနိုင်တယ်။ ကစားသမားတွေဆီမှာ ထူးခြားမှုတစ်ခုခုရှိနေလို့ ဘိုင်ယန် ဒါမှမဟုတ် ရီးယဲလ်ကို ကျွန်တော်တို့ ပြဿနာတွေဖန်တီးနိုင်မယ်ဆိုတာ ကျွန်တော်သေချာပြောနိုင်ပါတယ်။ ကျွန်တော်တို့က အဲဒီဘီလူးနှစ်သင်းထဲက တစ်သင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ'' ဟု ဖြေကြားသည်။

မူရင်းသတင်း — Eleven Media Group