
နော်တင်ဟမ်ဖောရက်စ် - ဘရိုက်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၇:၀၀ နာရီ)
နော်တင်ဟမ်ဖောရက်စ်က ပြီးခဲ့တဲ့တစ်ပတ်က ဘုန်းမောက်ကို မထင်မှတ်ပဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ တစ်ပွဲတလေ ခြေချော်တာနဲ့ နော်တင်ဟမ်ဖောရက်စ်ရဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက ပျက်စီးမသွားနိုင်ဘူး။ ဘရိုက်တန်ကတော့ အိမ်ကွင်းရလဒ်ထက် အဝေးကွင်းမှာတောင် ပိုတည်ငြိမ်တဲ့အသင်းမျိုးဖြစ်တယ်။ ပွဲက အကြိတ်အနယ်ရှိမယ်။ သရေကျဖို့များတယ်။ အနိုင်ဆိုရင်တော့ ဖောရက်စ်ကို ကြိုက်တယ်။
ဘုန်းမောက် - လီဗာပူးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၃၀ နာရီ)
လီဗာပူးလ်က လက်ရှိ အမှတ်ပေးဇယားမှာ (၂၂) ပွဲကစားပြီး (၅၃) မှတ် ရရှိထားတယ်။ အထူးသဖြင့် အဝေးကွင်းစွမ်းရည်က (၈) ပွဲနိုင်၊ (၃) ပွဲသရေဆိုတာ တော်တော်လေးအားကောင်းလွန်းတဲ့ ရလဒ်ဖြစ်နေတယ်။ ဘုန်းမောက်က (၂၃) ပွဲမှာ ရမှတ် (၄၀) နဲ့ အဆင့် (၇) နေရာက အသင်းပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နော်တင်ဟမ်ဖောရက်စ်လို ကြံ့ခိုုင်၊ အားကောင်းလွန်းတဲ့အသင်းကို (၅) ဂိုးပြတ်အနိုင်ရထားတာ တွေ့ရတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို ကြည့်ရင် လီဗာပူးလ်က နောက်ဆုံး (၁၁) ကြိမ်ဆုံတွေ့မှုမှာ (၁၀) ကြိမ်အနိုင်ရထားသလို၊ ပထမအကျော့တုန်းကလည်း အန်ဖီးလ်မှာ (၃) ဂိုးပြတ်အနိုင်ရခဲ့တာကိုတွေ့ရတယ်။ တစ်ပွဲပျမ်းမျှ (၂.၄၅) ဂိုးအထိ သွင်းထားတဲ့ တစ်ရာသီလုံးစွမ်းဆောင်ရည်ကလည်း လီဗာပူးလ်ဘက်မှာ ရှိနေတယ်။ အဝေးကွင်းဖြစ်သလို၊ ဘုန်းမောက်ကလည်း အားကောင်းနေပေမယ့် လီဗာပူးလ်ကို ကြိုက်တယ်။
အဲဗာတန် - လက်စတာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၃၀ နာရီ)
ဒေးဗစ်မွိုက်စ် နည်းပြဖြစ်လာပြီးကတည်းက အဲဗာတန်က တိုးတက်မှုတွေကို ပြသခဲ့တယ်။ ပရီးမီးယားလိဂ်မှာ စပါးကို (၃-၂) နဲ့နိုင်ခဲ့သလို၊ ဘရိုက်တန်ကိုလည်း (၁-၀) နဲ့ (၂) ပွဲဆက်နိုင်ခဲ့တယ်။ လက်စတာက ဒီရာသီမှာ ရုန်းကန်နေရပြီး နစ္စတယ်ရွိုင်းလက်ထက်မှာလည်း ရလဒ်တွေက တက်မလာဘူး။ ဒီရာသီမှာ ရှုံးပွဲ (၁၄) ပွဲတောင် တွေ့ထားတယ်။ နောက်ဆုံးပွဲမှာ တော့ နိုင်ပွဲပြန်ရထားတာတွေ့ရတယ်။ ဒါပေမဲ့ အဲဗာတန်ကိုပဲ ကြိုက်တယ်။
အစ်ဝစ်ချ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၃၀ နာရီ)
အစ်ဝစ်ချ်ရဲ့ ရလဒ်တွေက စိတ်ပျက်စရာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို (၁၀) ဂိုးပေးပြီး ရှုံးခဲ့တယ်။ အိမ်ကွင်းရလဒ်ကလည်း (၁၁) ပွဲကစားပြီးချိန်မှာ (၁) ပွဲပဲ နိုင်ခဲ့တယ်။ ဆောက်သမ်တန်ကတော့ အိမ်ကွင်းအဝေးကွင်း အောက်ဆုံးက အသင်းပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အစ်ဝစ်ချ်ထက် ပိုကောင်းတယ်။ ဆောက်သမ်တန်ကိုပဲ ကြိုက်တယ်။
နယူးကာဆယ် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၃၀ နာရီ)
နယူးကာဆယ်ရဲ့အားကောင်းတဲ့ အိမ်ကွင်း Form နဲ့ ဖူလ်ဟမ်အသင်းရဲ့ ရုန်းကန်နေရတဲ့ လက်ရှိခြေစွမ်းတွေ ပေါင်းစပ်လိုက်ရင် နယူးကာဆယ်အသာစီးယူမယ့် ပွဲမျိုးပါ။ လက်ရှိ နယူးကာဆယ်က ခြေစွမ်းရော၊ ရလဒ်ပါ တော်တော်လေးကောင်းပါတယ်။ တိုက်စစ်ပိုင်းက နည်းနည်းလေး ပြန်ကျသွားပေမယ့် ထက်မြက်နေဆဲဖြစ်တယ်။ ဖူလ်ဟမ်ရဲ့ အဝေးကွင်းရလဒ်က သင့်ပေမယ့် နယူးကာဆယ်ပဲ နိုင်မယ်။
ဝုလ်ဗ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၁၂:၀၀ နာရီ)
ဝုလ်ဗ်က ဒီရာသီမှာ တော်တော်လေး စိုးရိမ်စရာအခြေအနေဖြစ်နေသလို၊ အိမ်ကွင်းရလဒ်ကိုကြည့်ရင်လည်း အိမ်ကွင်း (၁၁) ပွဲမှာ (၂) ပွဲပဲ နိုင်ခဲ့တယ်။ ရှုံးပွဲ (၈) ပွဲအထိ ရင်ဆိုင်ကြုံတွေ့ခဲ့တယ်။ အက်စတွန်ဗီလာက အိမ်ကွင်းကောင်းပေမယ့် အဝေးကွင်းမှာ တိုက်စစ်ထက် ပေးဂိုးများတယ်။ အဝေးကွင်းရလဒ် အသင့်အတင့်ပဲ ရှိတယ်။ ခြေစွမ်းကတော့ ဝုလ်ဗ်ထက် ပိုကောင်းတာ သေချာတယ်။ သရေကျသွားနိုင်တယ်။