Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဂျူဗင်တပ်စ် - အမ်ပိုလီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၆:၀၀ နာရီ)
ဂျူဗင်တပ်စ်အသင်း နာပိုလီနဲ့ပွဲမှာ အခုရာသီ ပထမဆုံး စီးရီးအေရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတယ်။ သရေပွဲတွေများနေတဲ့ ဂျူဗင်တပ်စ်အဖို့ ဒီရလဒ်က သိပ်မထိခိုက်ပါဘူး။ PSG ကနေ ပြောင်းလာတဲ့ မူအာနီကလည်း ရောက်ရောက်ချင်း ဂိုးသွင်းပြခဲ့ပြီး ဂျူဗင်တပ်စ်ရဲ့တိုက်စစ်အပြောင်းအလဲက စောင့်ကြည့်ချင်စရာပါ။ အမ်ပိုလီအသင်းက ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့တယ်။ ဂျူဗင်တပ်စ်ပဲ ကြိုက်တယ်။


ဖီအိုရင်တီးနား - ဂျီနိုအာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၈:၃၀ နာရီ)
ဖီအိုရင်တီးနားအသင်း စီးရီးအေ(၇)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီးမှာ နောက်ဆုံးပွဲမှာ လာဇီယိုကို အနိုင်ကစားကာ နိုင်ပွဲပြန်ရခဲ့တယ်။ ဂျီနိုအာက နောက်ဆုံး(၁၂)ပွဲမှာ နာပိုလီနဲ့ ရိုးမားကို အရေးနိမ့်ခဲ့လို့ ရလဒ်ပိုင်း တည်ငြိမ်ပါတယ်။ ဖီအိုရင်တီးနားကွင်းဖြစ်လို့ အိမ်ရှင် အနိုင်ကစားလိမ့်မယ်။


အေစီမီလန် - အင်တာမီလန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၁၁:၃၀ နာရီ)
အေစီမီလန်အသင်းက ဒီရာသီ အင်တာမီလန်နဲ့တွေ့ဆုံမှု နှစ်ပွဲစလုံး အနိုင်ယူထားပြီး စိတ်ဓာတ်ရေးရာအရ အသာစီးရနေတယ်။ ဒါပေမဲ့ ဒီရာသီမတိုင်ခင်မှာတော့ အင်တာက နောက်ဆုံး(၆)ပွဲစလုံး အနိုင်ရခဲ့တာဖြစ်တယ်။ အေစီမီလန်နည်းပြသစ် ကွန်ဆေးဆာအိုက ရောက်ရောက်ချင်း စူပါဖလား ရယူပေးခဲ့ပေမဲ့ စီးရီးအေမှာတော့ ထင်သလောက် ဖြစ်မလာသေးဘူး။ လက်ရှိအခြေအနေမှာ ထိပ်ဆုံးက နာပိုလီကို ဖိအားလိုက်ပေးနေတဲ့ အင်တာအသင်းက အမှတ်ပိုအပ်နေတယ်။ အင်တာအသင်းပဲ အနိုင်ရဖို့များတယ်။


ရိုးမား - နာပိုလီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၃ ရက် နံနက် ၂:၁၅ နာရီ)
ရိုးမားအသင်းက ၀ါရင့်နည်းပြ ရာနီရေးရီလက်ထဲမှာ အတော်လေးအခြေအနေကောင်းလာပြီလို့ ပြောရမယ်ထင်တယ်။ ထိပ်သီးပြိုင်ဘက်တွေကို ပခုံးချင်းယှဉ်ကစားနိုင်တဲ့ အင်အားမျိုးလည်း ရှိလာတယ်။ နာပိုလီအသင်းကတော့ အတ္တလန်တာ၊ ဂျူဗင်တပ်စ်အသင်းတွေကို ဆက်တိုက်အနိုင်ကစားခဲ့တာက ချန်ပီယံခရီးမှာ အမြင့်ဆုံးယုံကြည်မှုဆီ ဆွဲတင်ပေးလိုက်သလိုပါပဲ။ လက်ရှိခြေစွမ်းအရ နာပိုလီ သာတာမှန်ပေမဲ့ အိမ်ကွင်းလေးပွဲဆက် အနိုင်ကစားခဲ့တဲ့ ရိုးမားရဲ့ Rhythm ကို သတိပြုသင့်တယ်။ ရိုးမားနဲ့စွန့်စားတာ ပိုကောင်းမယ်။

မူရင်းသတင်း — Eleven Media Group