Eleven Media Group

ယူရိုပါလိဂ် ၁၆ သင်းအဆင့် တက်ရောက်ပြီးနောက် ဆုဖလားအတွက် တိုက်ပွဲဝင်ရမည်ဟု မန်ယူအသင်းနည်းပြ အာမိုရင်မ် သုံးသပ်

Photo: TNT Sports

ယူရိုပါလိဂ်ပြိုင်ပွဲ၌ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ပြီးနောက် ဆုဖလားအတွက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း မန်ယူအသင်း နည်းပြ အာမိုရင်မ် က သုံးသပ်ပြောကြားခဲ့သည်။

ယူရိုပါလိဂ်ပြိုင်ပွဲ လိဂ်အဆင့် နောက် ဆုံးပွဲစဉ် (၈) ကို ဇန်နဝါရီ ၃၀ ရက်တွင် တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက စတူအာဘူခါရက်အသင်းအား ဒါလော့ (၆၀ မိနစ်)၊ မိန်နူး (၆၈ မိနစ်)တို့၏ သွင်းဂိုးများနှင့်အတူ အဝေးကွင်း၌ (၀-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မန်ယူအသင်းသည် ယင်းပွဲ အနိုင်ရလဒ်ကြောင့် ရှစ်ပွဲကစား၊ ငါးပွဲနိုင်၊ သုံးပွဲသရေ၊ ရှုံးပွဲမရှိဘဲ ရမှတ် ၁၈ မှတ်ဖြင့် တတိယနေရာရရှိကာ ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရခဲ့သည်။

အာမိုရင်မ် က "ကျွန်တော်တို့ကစားပုံက ကြီးကြီးမားမားပြောင်းလဲသွားတာ မတွေ့ရပါဘူး။ ကျွန်တော်တို့ တစ်ပွဲပြီးတစ်ပွဲ သွားနိုင်မယ်လို့ ထင်တယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင်ရနိုင်တယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် မန်ချက်စတာယူနိုက်တက်မှာရှိနေတဲ့အတွက် ဆုဖလားတွေ ရယူဖို့ တိုက်ပွဲဝင်ရမယ့် တာဝန်ရှိပါတယ်။ ဘယ်ပြိုင်ပွဲမဆို ဒီလိုအဆင့်ရောက်လာတဲ့အခါ ဘာမဆိုဖြစ်နိုင်ပါတယ်။ သူတို့ (ကစားသမားတွေ) က ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် မန်ယူအသင်းက အလေးပေးမှု ၂/၁ ဖြင့် ထိပ်ဆုံးနေရာ သတ်မှတ်ခံထားရသည်။

မူရင်းသတင်း — Eleven Media Group