Myanmar Transparency News

ရွှေကုက္ကိုဒေသက ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာများအပါအဝင် လက်ကိုင်ဖုန်း ဆင်းကတ်အမြောက်အမြား ယနေ့ သယ်ယူလာစဉ် ကင်းလှည့်နေသည့် ထိုင်းတပ်မတော်နှင့်တည့်တည့်တိုး၍ ဖမ်းဆီးခံရ

၁.၂.၂၀၂၅
Written By Zun

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသက ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာများအပါအဝင် လက်ကိုင် ဖုန်း ဆင်းကတ် အမြောက်အများသယ်ယူလာစဉ် ကင်းလှည့်နေသည့် ထိုင်းတပ်မတော်နှင့်တည့်တည့်တိုး၍ အဖမ်းခံရကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်က နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်ခန့်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မယ်လမတ်မြို့ နယ်၊ မယ်လမတ်ကျေးရွာအနီးတွင် ကင်းလှည့်နေသည့် ထိုင်းတပ်မတော် ဦး‌ဆောင်သည့် ပူးပေါင်းအဖွဲ့က အဖြူရောင် ထရပ်ကားဖြင့်သယ်လာသော အဆိုပါပစ္စည်းများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ပစ္စည်းများမှာ ကွန်ပျူတာ (၁၉) စုံ၊ လက်ကိုင်ဖုန်း (၁၂၅၁) လုံး၊ ဖုန်း Sim Card (၂၇၄) ကတ် ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများကို မယ်လမတ် မြို့ပေါ်ရှိ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုကတစ်ဆင့် စလကဲ့ယောက်ခရိုင်၊ ဝပ်ထနာနခွန်မြို့နယ်၊ ဝပ်ထနာကျေးရွာရှိ နေအိမ်တစ်လုံးသို့ ပို့ဆောင်ပေးရန် ကားခ ဘတ် ၅၀၀၀ ပေးသောကြောင့် ထိုင်းနိုင်ငံသား အသက် ၄၅ နှစ်အရွယ် ယာဉ်မောင်း Mr. Thit အနေဖြင့် ထိုင်း-မြန်မာနယ် စပ်၊ သောင်ရင်းမြစ်ကမ်းအနီးက သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသား ယာဉ်မောင်းမှာ မယ်လမတ်ရဲစခန်း၌ ထိန်းသိမ်းထားပြီးနောက် ကွင်းဆက်တရားခံများကို ဆက်လက်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News