
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ သည် ဖေဖော်ဝါရီတွင် ၂၅ ရက်အတွင်း ရီးယဲလ်အသင်းနှင့် နှစ်ပွဲအပါအဝင် ခုနစ်ပွဲ ကစားရမည့်အခြေအနေအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ လိဂ်အဆင့်၌ အဆင့် ၂၂ နေရာသာ ရပ်တည်နိုင်သောကြောင့် ရှုံးထွက်အဆင့် Play-offs နှစ်ကျော့ကစားရမည်ဖြစ်သည်။ Play-offs အဆင့်အတွက် မဲခွဲပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်တွင်ပြုလုပ်ရာ မန်စီးတီး အသင်းသည် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းနှင့် တွေ့ဆုံနေပြီး ဖေဖော်ဝါရီလအတွင်း ပွဲစဉ်ခုနစ်ပွဲအထိ ကစားရတော့မည်ဖြစ်သည်။
သို့ဖြစ်ရာ ဂွါဒီယိုလာက "သူတို့တွေက အရေးပါတဲ့အဆင့်တွေမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ရတဲ့အသင်းတွေအတွက် အခက်ခဲဆုံးပွဲစဉ်ဇယားကိုပဲ အမြဲထားတတ်ပါတယ်။ ကျွန်တော်က စောဒကတက်နေတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီပြက္ခဒိန်ကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အံ့သြလောက်စရာ အောင်မြင်မှုတွေရခဲ့လို့ပါပဲ။ ဒါပေမဲ့ ဘာစီလိုနာမှာ ကျွန်တော်ရှိစဉ်တုန်းက ပရီးမီးယားလိဂ်ကို သဘောကျခဲ့တာ သတိရမိပါတယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံး လိဂ်ပြိုင်ပွဲဖြစ်လို့ပါ။ အဲလက်စ်ဖာဂူဆန်၊ ဂျိုဆေးမော်ရင်ဟို၊ အာစင်ဝင်းဂါးတို့လည်း ဒီလိုမျိုးကန့်ကွက်တာတွေ လုပ်ခဲ့ပါတယ်။ ပြောင်းလဲသွားမယ်လို့ ခင်ဗျားထင်နေတာလား။ ရုပ်သံထုတ်လွှင့်သူတွေက ဒါကို ဆုံးဖြတ်တာပါ။ ချန်ပီယံလိဂ်မတိုင်ခင် သောကြာနေ့မှာကစားရတဲ့ လိဂ်ပြိုင်ပွဲတွေရှိပါတယ်။ တစ်ရက်ပိုကစားရရင် မကောင်းဘူးလားလို့ သူတို့က ကျွန်တော့်ကိုမမေးပါဘူး။ အဲဒါက အမြဲတမ်းဒီလိုပါပဲ။ ပြက္ခဒိန်ကို မြင်လိုက်ချိန်မှာ ကျွန်တော်မအံ့သြတော့ပါဘူး။ ဒါက အဲဒီလိုပါပဲ။ ဒီမှာက တခြားပြိုင်ပွဲတွေထက် ပရီးမီးယားလိဂ်က ပိုအရေးကြီးပါတယ်" ဟု ဝေဖန်ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဖေဖော်ဝါရီ ၂ ရက်တွင် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ် အဝေးကွင်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် လေတန်အသင်းနှင့် FA ဖလား အဝေးကွင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ် အိမ်ကွင်း (ပထမအကျော့)၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် နယူးကာဆယ်အသင်း နှင့် ပရီးမီးယားလိဂ် အိမ်ကွင်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်း (ဒုတိယအကျော့)၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ် အိမ်ကွင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် စပါးအသင်းနှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးယဲလ်အသင်းနှင့် လေးရာသီဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၂၁-၂၀၂၂ ရာသီ ဆီမီးဖိုင်နယ်တွင် ရီးယဲလ်အသင်း၊ ၂၀၂၂-၂၀၂၃ ရာသီ ဆီမီးဖိုင်နယ်တွင် မန်စီးတီးအသင်း၊ ၂၀၂၃-၂၀၂၄ ရာသီ ကွာ တားဖိုင်နယ်တွင် ရီးယဲလ်အသင်းတို့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။