Eleven Media Group

အသင်းသို့ ပြန်လည်ရောက်ရှိလာသည့် နေမာကို ဆန်းတို့စ်ပရိသတ်များ ကြီးကျယ်ခမ်းနားစွာကြိုဆိုခဲ့ပြီး ပရိသတ် ၂၀၀၀၀ ဝန်းကျင် တက်ရောက်အားပေး

Photo: X & YouTube

ဆန်းတို့စ်အသင်းသို့ ပြန်လည်ရောက်ရှိလာသည့် နေမာကို ကြီးကျယ်ခမ်းနားစွာကြိုဆိုခဲ့ပြီး မိတ်ဆက်ပွဲအခမ်းအနားသို့ ပရိသတ် ၂၀၀၀၀ ဝန်းကျင် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

လာမည့်ရက်ပိုင်းအတွင်း (ဖေဖော်ဝါရီ ၅ ရက်တွင်) အသက် ၃၃ နှစ်ပြည့်မည့် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနှင့် စာချုပ် ဖျက်သိမ်း၍ အသင်းဟောင်းဖြစ်သည့် ဆန်းတို့စ်သို့ ပြန်လည်ပြောင်းရွှေ့လာခြင်းဖြစ်သည်။ ဆန်းတို့စ်အသင်းအနေဖြင့် နေမာ အား ခြောက်လသက်တမ်းရှိသည့် ကာလတို စာချုပ်သာ ချုပ်ဆိုထားသော်လည်း ၎င်း၏ မိတ်ဆက်ပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နေမာ၏မိတ်ဆက်ပွဲကို Vila Belmiro ကွင်းအတွင်း သုံးနာရီကြာပြုလုပ်ခဲ့ပြီး ဒေသခံအဆိုတော်များက ပါဝင်ဖျော်ဖြေခဲ့ကြသလို မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြောင်း သိရသည်။ ပရိသတ်များက "မင်းသားလေး ပြန်လာပြီ" ဟု ရေးသားထားသည့် စာတန်းများကို ကိုင်ဆောင်အားပေးခဲ့ကြပြီး ပရိသတ် စုစုပေါင်း ၂၀၀၀၀ ဝန်းကျင် တက်ရောက်အားပေးခဲ့ကြသည်။ "ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တွေနဲ့အတူ နေထိုင်ခဲ့ကြတယ်။ ထပ်လာနိုင်သေးတဲ့အရာတွေ အများကြီးရှိပါသေးတယ်" ဟု နေမာက ပရိသတ်များအား နှုတ်ဆက်စကားပြောကြားခဲ့သည်။

နေမာသည် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ဆော်ဒီနိုင်ငံမှ ဆော်ပေါ်လိုမြို့သို့ သီးသန့်လေယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ပရိသတ်များအား မျက်ရည်များဖြင့် နှုတ်ဆက်ခဲ့သည်။ ၎င်းသည် ပရိသတ်များနှင့် မိတ်ဆက်ပွဲမပြုလုပ်မီ ဆန်းတို့စ်အသင်း တာဝန်ရှိသူများ၊ အသင်းဖော်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ၎င်းအနေဖြင့် ဆန်းတို့စ်အသင်း၌ ပထမအကြိမ်ကစားစဉ် ဝတ်ဆင်ခဲ့သည့် နံပါတ် ၁၁ ကို ပြန်လည်ဝတ်ဆင်မည်မဟုတ်ဘဲ ဘရာဇီးဂန္ထဝင် ပီလီ၏ နံပါတ် ၁၀ ကို ဝတ်ဆင်ကစားမည်ဖြစ်သည်။

နေမာသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဆန်းတို့စ်အသင်းနှင့် စတင်ခဲ့ပြီး ယင်းမှတစ်ဆင့် ဘာစီလိုနာ၊ PSG ၊ အယ်လ်ဟီလာ စသည့်အသင်းများသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့စဉ် ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားအဖြစ် ယူရို ၂၂၂ သန်းဖြင့် စံချိန်တင်ခဲ့သလို ၂၀၂၃ ခုနှစ် နွေရာသီတွင် PSG အသင်းမှ အယ်လ်ဟီလာ အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ယူရိုသန်း ၉၀ မှာလည်း ဆော်ဒီလိဂ် စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ထားသည်။

နေမာသည် အယ်လ်ဟီလာအသင်းတွင် တစ်နှစ်လစာ ယူရိုသန်း ၁၅၀ အထိရရှိခဲ့သော်လည်း ဒဏ်ရာများကြောင့် ခုနစ်ပွဲကစား၊ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group