Eleven Media Group

အယ်လ်နာဆာအသင်း၌ ဒူရန်ရရှိမည့် လစာမှာ အက်စတွန်ဗီလာအသင်းတွင်ရရှိခဲ့သည့် လစာထက် လေးဆကျော်ပိုများ

Photos: talkSPORT & The Sun

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် တိုက်စစ်မှူး ဂျွန်ဒူရန် သည် အက်စတွန်ဗီလာအသင်း၌ရရှိခဲ့သည့် တစ်ပတ်လစာထက် လေးဆကျော်ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

ကိုလံဘီယာလက်ရွေးစင်ကစားသမား ဒူရန် (၂၁ နှစ်) သည် ဇန်နဝါရီ ၃၁ ရက်တွင် ဗီလာအသင်းမှ အယ်လ်နာဆာအသင်းသို့ ပေါင် ၆၄ သန်း+Add-ons ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် TNT Sports ရုပ်သံ၏ ဖော်ပြမှုအရ ဒူရန်သည် အက်စတွန်ဗီလာအသင်း၌ တစ်ပတ်လစာ ပေါင် ၇၅၀၀၀ ရရှိခဲ့ပြီး အယ်လ်နာဆာအသင်းတွင်မူ တစ်မိနစ်လျှင် ၃၁ ပေါင်၊ တစ်နာရီလျှင် ပေါင် ၁၉၀၀၊ တစ်ရက်လျှင် ပေါင် ၄၆၀၀၀၊ တစ်ပတ်လျှင် ပေါင် ၃၂၂၀၀၀၊ တစ်နှစ်လျှင် ပေါင် ၁၆ ဒသမ ၇ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

အယ်လ်နာဆာအသင်းသည် ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူး ဒူရန်အား ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ဒူရန်သည် အယ်လ်နာဆာအသင်းတွင် နံပါတ် ၉ ဝတ်ဆင်ကစားမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group