
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အက်စ်ပန်ညိုအသင်းအား ရှုံးနိမ့်ခဲ့ခြင်းအတွက် ဒိုင်လူကြီးကို အပြစ်တင်ခဲ့ပြီး ယင်းပွဲတွင် အနိုင်ဂိုးသွင်းခဲ့သည့် အက်စ်ပန်ညိုနောက်ခံကစားသမား ကားလို့စ်ရိုမဲရိုးမှာ ဂိုးမသွင်းမီကတည်းက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသင့်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဖေဖော်ဝါရီလ (၁) ရက်က ကစားခဲ့သည့် လာလီဂါအဝေးကွင်းပွဲစဉ်၌ အက်စ်ပန်ညိုအသင်းကို ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပွဲချိန် (၈၅) မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ကားလို့စ်ရိုမဲရိုး၏သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်၌ ပွဲချိန် (၆၁) မိနစ်တွင် အက်စ်ပန်ညိုနောက်ခံကစားသမား ရိုမဲရိုးသည် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေအား ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သော်လည်း အဝါကတ်သာ ပြသခံခဲ့ရသည်။ ယင်းအနေအထားတွင် ကွင်းလယ်ဒိုင် မူနစ်ဇ်ရုဇ်၏ဆုံးဖြတ်ချက်ကို VAR အဖွဲ့အနေဖြင့် ကန့်ကွက်မှုမရှိဘဲ သဘောတူခဲ့ ခြင်းကို ရီးယဲလ်အသင်းက ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အက်စ်ပန်ညိုနှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အက်စ်ပန်ညိုနောက်ခံကစားသမား ရိုမဲရိုး တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်မခံရခြင်းအပေါ် မယုံနိုင်အောင် ဖြစ်မိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အန်ဆယ်လော့တီက "ကွင်းလယ်ဒိုင်နဲ့ VAR အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ရှင်းမပြနိုင်အောင်ပါပဲ။ ဘာလို့လဲဆိုတော့ ကွင်းထဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းမြင်ခဲ့တာပါ။ ဘောလုံးပွဲမှာ အရေးအကြီးဆုံး အရာက ကစားသမားတွေကို စောင့်ကြည့်ဖို့နဲ့ ကာကွယ်ပေးဖို့ပါပဲ။ ဒါက ရှင်းလင်းတဲ့ ပြစ်ဒဏ်ကျူးလွန်မှုဖြစ်ပြီး အရမ်းအရုပ်ဆိုးတဲ့ ဖျက်ထုတ်မှုပါ။ ကံကောင်းလို့ ဘာပေ ဒဏ်ရာမရခဲ့ပေမဲ့ ကြီးကြီးမားမားထိခိုက်သွားနိုင်ပါတယ်။ VAR လည်း ရှိနေပေမဲ့ အနီကတ်မပြတဲ့အပေါ် ရှင်းမပြနိုင်အောင် ဖြစ်မိပါတယ်"ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းအနေဖြင့် လာလီဂါအမှတ်ပေးဇယားကို (၄၉)မှတ်ဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယနေရာမှ အက်သလက်တီကိုနှင့် (၁)မှတ်သာ ကွာဟတော့သည်။