Myanmar Transparency News

အမေရိကန်ပြည်ထောင်စုရဲ့ ဉာဏ်ရည်တု သုတေသန အဖွဲ့အစည်းဖြစ်တဲ့ OpenAI က Deep Research ခေါ် အွန်လိုင်းဝန်ဆောင်မှု ဉာဏ်ရည်တု ထောက်လှမ်းရေး ကိရိယာအသစ်ကို စတင်

၃.၂.၂၀၂၅.
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် ဉာဏ်ရည်တု သုတေသန အဖွဲ့အစည်းဖြစ်တဲ့ OpenAI က အွန်လိုင်းပေါ်တင်ထားတဲ့ ChatGPT chatbot ကို အခကြေးငွေပေးသုံးစွဲသူတွေအချို့အတွက် Deep Research ခေါ်တဲ့ အွန်လိုင်းဝန်ဆောင်မှု ဆော့ဖ်ဝဲလ်အစီအစဉ်တစ်ရပ်ကို စတင်ခဲ့ပါတယ်။

OpenAI အနေနဲ့ သုံးစွဲသူတွေအတွက်တော့ ရှုပ်ထွေးလှတဲ့ သိပ္ပံဆိုင်ရာမေးခွန်းတွေကနေ မော်တော်ကား အကြံပြုချက်တွေအထိ ပြုလုပ်ရင်း အချိန်ကုန်စေမယ့် ဉာဏ်ရည်တု ထောက်လှမ်းရေး ကိရိယာအသစ်တစ်ခုကိုဖန်တီးလိုက်တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် Deep Research ပေါ်ထွက်လာတာက လူရဲ့ ကိုယ်စားဆောင်ရွက်မယ့် ဉာဏ်ရည်တုထောက်လှမ်းရေးကိရိယာတွေရဲ့ အစီအစဉ် ပိုမိုကျယ်ပြန့်လာတာလို့လည်း ဆိုရမှာပါ။

Deep Research ကို OpenAI ရဲ့ ChatGPT Chatbot ကတစ်ဆင့် အခကြေးငွေပေးသုံးစွဲသူတွေအချို့က သုံးစွဲနိုင်ကြမယ်လို့ ကုမ္ပဏီက ဖေဖော်ဝါရီလ ၂ ရက်မှာပြောခဲ့ပါတယ်။ လှုံ့ဆော်အချက်ပြမှုတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ Deep Research က အွန်လိုင်းပေါ်မှာ စကားလုံးတွေ၊ ဓာတ်ပုံတွေ၊ PDF ပုံတွေ နဲ့ PDF စာမျက်နှာတွေကို ပိုက်စိပ်တိုက် လှန်လှောရှာဖွေမှာဖြစ်ပါတယ်။ အသုံးပြုသူက Upload ပြုလုပ်ပြီး တင်လာတဲ့ ကွန်ပျူတာဖိုင်တွေထဲကလည်း ရှာဖွေသွားမှာဖြစ်ပြီး ပြည့်စုံနက်ရှိုင်းတဲ့ အစီရင်ခံစာတစ်ခုကို ပြုစုပေးမှာပါ။

ဒါကြောင့်လည်း သုတေသန အကဲဖြတ်တစ်ဦးအနေနဲ့ နာရီပေါင်းများစွာအကုန်ခံပြီး လုပ်ဆောင်ရမယ့် အလုပ်ကို Deep Research အနေနဲ့ မိနစ်ဆယ်ဂဏန်းလောက်ပဲ ကြာမယ့်အချိန်အတွင်း ပြီးစီးဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ OpenAI က ပြောခဲ့ပါတယ်။

Deep Research က ဒီနှစ်အတွင်းမှာပဲ OpenAI က ထုတ်လွှင့်ခဲ့တဲ့ ဒုတိယမြောက် ဉာဏ်ရည်တု ထောက်လှမ်းရေးကိရိယာပါပဲ။ OpenAI က ပထမတစ်ကြိမ်မှာ Operator ဉာဏ်ရည်တုထောက်လှမ်းရေးကိရိယာကို ဇန်နဝါရီလအတွင်းက လွှတ်တင်ခဲ့ပါသေးတယ်။ သုံးစွဲသူတွေက Operator ကို အသုံးပြုပြီး လေယာဉ်လက်မှတ်တွေကြိုတင်ဝယ်ယူဖို့၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတွေမှာယူဖို့နဲ့ အပြီးသတ် ဝယ်ယူမှုတွေပြုဖို့အထိ ဝန်ဆောင်ပေးနိုင်မှာပါ။

ဒါပေမယ့် ဒီ ဉာဏ်ရည်တုထောက်လှမ်းရေးကိရိယာ နှစ်ခုစလုံးကို OpenAI က မကြာခင်ကပဲ မိတ်ဆက်ခဲ့တဲ့ ChatGPT Pro ကိရိယာကို တစ်လဒေါ်လာ ၂၀၀ ပေးပြီးသုံးစွဲနေသူတွေသာ လောလောဆယ် ရနိုင်မယ်လို့ သိရပါတယ်။

ဒီလိုကိရိယာတွေထွက်ရှိလာတာက အသုံးပြုသူတွေအတွက် အနည်းဆုံးသော ကြီးကြပ်မှုနဲ့ လုပ်ငန်းအဆင့်ပေါင်းများစွာဆောင်ရွက်ပေးနိုင်မယ့် ဉာဏ်ရည်တု ထောက်လှမ်းရေးကိရိယာတွေထွက်ရှိရေး လုပ်ငန်းအတွက် ကျယ်ပြန့်လှတဲ့တွန်းအားပေးမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ OpenAI ကို ငွေကြေးထောက်ပံ့သူ Microsoft နဲ့ ပြိုင်ဘက်ဖြစ်တဲ့ Anthropic တို့ဆိုရင်လွှတ်တင်ပြီး သူတို့တွေရဲ့ကိုယ်ပိုင် ဆော့ဝဲလ် အများအပြား ရှိသလို စတင်ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။

ဒီကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ဉာဏ်ရည်တုထောက်လှမ်းရေးကိရိယာတွေကို အသုံးပြုသူတွေဟာ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာနဲ့ သက်မွေးမှုလုပ်ငန်းအချိန်တွေကို အချိန်ကုန်သက်သာစေပြီး ဉာဏ်ရည်တုနည်းပညာက လူတွေကို ပိုမိုအကျိုးဖြစ် ထွန်းစေမယ်လို့ ကာလကြာရှည်ကတည်းက ကတိပြုခဲ့ကြသလို လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။

OpenAI ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Sam Altman ကလည်း အခုလို ဉာဏ်ရည်တုထောက်လှမ်းရေးကိရိယာတွေက ဉာဏ်ရည်တုနည်းပညာအတွက် နောက်ထပ်ကြီးမားတဲ့ အောင်မြင်မှုတစ်ရပ်ဖြစ် လိမ့်မယ်လို့ ပြောခဲ့ပါသေးတယ်။ အခုဆိုရင် DeepSeek လို တရုတ်နိုင်ငံရဲ့ ဉာဏ်ရည်တုနည်းပညာ ဆော့ဖ်ဝဲလ်ကိရိယာတွေက OpenAI အပါအဝင် အမေရိကန်ကုမ္ပဏီကြီးတွေရဲ့ ဉာဏ်ရည်တုကိရိယာတွေကို အမှီလိုက်လာနိုင်လို့ စိုးရိမ်မှုတွေ ပိုလို့ ဖြစ်ထွန်းလာကြရပါတယ်။

Ref -SCMP

မူရင်းသတင်း — Myanmar Transparency News