
အာဆင်နယ်နှင့် မန်ယူအသင်းတို့သည် အင်္ဂလန်ဘောလုံးလောကတွင် အစဉ်အလာပြိုင်ဘက်များဖြစ်သည့်အတွက် နှစ်သင်းကြား ကစားသမားအပြောင်းအရွှေ့ဖြစ်ပေါ်မှုမှာ လက်ချိုးရေတွက်၍ ရနိုင်သည်အထိ နည်းပါးခဲ့သည်။
ယခုရာသီတွင်မူ အာဆင်နယ်လူငယ်ကစားသမားနှစ်ဦးမှာ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။
ပြီးခဲ့သည့်နွေရာသီတွင် ဒိန်းမတ်ယူ-၁၈ ကစားသမား ချီဒိုအိုဘီမာတင်(၁၇ နှစ်)က အာဆင်နယ်အကယ်ဒမီမှ မန်ယူအကယ်ဒမီသို့ ပြောင်းရွှေ့ခဲ့ပြီး ယခု ဇန်နဝါရီအပြောင်းအရွှေ့တွင် အေဒင်ဟယ်ဗင် ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
အကယ်ဒမီကစားသမား ပြောင်းရွှေ့မှုကို ထည့်မတွက်ပါက အေဒင်ဟယ်ဗင်မတိုင်မီ အာဆင်နယ်မှ မန်ယူသို့ ပြောင်းရွှေ့ကစားသူ (၈)ဦးသာရှိခဲ့ဖူးကြောင်း သိရသည်။
အဆိုပါကစားသမားများမှာ ဒေးဗစ်ဟာ့ဒ်၊ အီယန်အူရေး၊ ဂျော့ချ်ဂရေဟမ်၊ ဖရန့်စတက်ပလီတန်၊ ဗစ်အန်ဒါဆန်၊ အန်ဒီကိုးလ်၊ ဗန်ပါစီနှင့် ဆန်းချက်ဇ်တို့ဖြစ်သည်။
မန်ယူအသင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့ကစားခဲ့သူမှာလည်း (၈)ဦးသာရှိခဲ့ပြီး ၎င်းတို့မှာ ပတ်ဒီဆလွန်၊ ဂျင်မီရင်မ်မာ၊ ဘရိုင်ယန်ကစ်၊ ဂျင်မ်လေတန်၊ ဒေးဗစ်ပလတ်၊ ဆီဗက်စတြာ၊ ဝဲလ်ဘက်နှင့် မစ်ခီတာရီယန်တို့ ဖြစ်သည်။