
စီးရီးအေထိပ်တန်းအသင်းများစွာတွင် ကစားခဲ့သည့် အီတလီဂန္ထဝင် ဗီယာရီက အသင်းဖော်ဟောင်းဖြစ်သည့် အေစီမီလန်နည်းပြ ကွန်ဆေးဆာအိုအား ဆုဖလားများ ရယူနိုင်ခြင်း မရှိပါက အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။
အသက် (၅၀) အရွယ်ရှိ ပေါ်တူဂီလူမျိုးနည်းပြ ကွန်ဆေးဆာအိုသည် အေစီမီလန်အသင်းကို ၂၀၂၄ ဒီဇင်ဘာ (၃၀) ရက်တွင် စတင်ကိုင်တွယ်ခဲ့ပြီး အီတလီစူပါဖလားချန်ပီယံဆုကို ရယူပေးထားသည်။
သို့သော် အေစီမီလန်အသင်းမှာ စီးရီးအေတွင် ရုန်းကန်နေရပြီး ရလဒ်များတည်ငြိမ်မှု မရှိသဖြင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။
ယခုအခါ အင်တာမီလန်နှင့် အေစီမီလန်အသင်းတို့တွင် ကစားခဲ့ဖူးသည့် အီတလီဂန္ထဝင် ဗီယာရီက သူငယ်ချင်း နှင့် အသင်းဖော်ဟောင်းတစ်ဦးဖြစ်သည့် ကွန်ဆေးဆာအိုအား သတိပေးခဲ့ခြင်းဖြစ်သည်။
ဗီယာရီနှင့် ကွန်ဆေးဆာအိုတို့သည် ၁၉၉၀ အဆုံးသတ်ကာလနှင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများတွင် လာဇီယိုနှင့် အင်တာမီလန်အသင်းတို့တွင် အတူတူတွဲဖက်ကစားခဲ့ဖူးကြောင်း သိရသည်။
ယခုအခါ ဗီယာရီက ''ဆာဂျီယို(ကွန်ဆေးဆာအို) က ကျွန်တော့်အတွက် ညီအစ်ကိုလိုပါပဲ။ ကျွန်တော့်ကစားသမားဘဝမှာ သူနဲ့အတူ တစ်သင်းတည်းမှာ အတူတူတွဲဖက်ခွင့်ရခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ သူက ဘောလုံးပေးပို့ရာမှာ အရမ်းကောင်းတဲ့ကစားသမားပါ''ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဗီယာရီက ''မော်ဒန်ဘောလုံးလောကမှာ နည်းပြတွေက တာဝန်ယူရဆုံးလူတွေပါ။ အေစီမီလန်၊ အင်တာမီလန် ဒါမှမဟုတ် ဂျူဗင်တပ်စ်တို့ကို ကိုင်မယ်ဆိုရင် နိုင်ဖို့လိုပါတယ်။ မဟုတ်ရင် အဲဒီအတွက် ပေးဆပ်ရမှာပါ''ဟု ပြောကြားခဲ့သည်။