
လီဗာပူးလ်အသင်းအနေဖြင့် ဘုန်းမောက်အသင်းအား အနိုင်ရခဲ့သောကြောင့် ၂၃ ပွဲကစား၊ ၅၆ မှတ်ဖြင့် ပရီးမီးယားလိဂ်တွင် အမှတ်ဖြတ်၍ ဆက်လက်ဦးဆောင်နိုင်ခဲ့သော်လည်း ညာနောက်ခံလူ အာနိုးလ်ဒဏ်ရာ ရရှိသွားသဖြင့် လူစားလဲခဲ့ရပြီး လိဂ်ဖလားပွဲစဉ်ကို လွဲချော်ရဖွယ်ရှိကြောင်း သိရသည်။
အာနိုးလ်သည် ပေါင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မိနစ် ၇၀ တွင် လူစားလဲခဲ့ရသည်။
သို့ ဖြစ်ရာ ၎င်းအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် စပါးအသင်းနှင့်ကစားရမည့် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။
''သူက တစ်ခုခုခံစားခဲ့ရပါတယ်။ ဘယ်လောက်ဆိုးသလဲဆိုတာတော့ ကျွန်တော် အတိအကျမပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ပွဲပြီးတာ တစ်နာရီပဲရှိသေးလို့ပါ။ ဒါပေမဲ့ ကစားသမားတစ်ယောက်က လူစားလဲဖို့ တောင်းဆိုရင် အဲဒါက ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ဒါက အမှန်တရားမဟုတ်ပေမဲ့ ကြာသပတေးနေ့မှာ သူကစားနိုင်ရင် ကျွန်တော်အံ့သြမိမှာပါ'' ဟု နည်းပြဖြစ်သူ အာနယ်ဆလော့က ဘုန်းမောက်နှင့်ပွဲအပြီးတွင် ပြောကြားသည်။