Eleven Media Group

ယခုတစ်ပတ်ကျင်းပသည့် မွေထိုင်းနှင့် ခွန်ခမာပြိုင်ပွဲများတွင် ရဲရင့်နောင်နှင့် ဟံသာဝတီတို့ ရှုံးနိမ့်

Photo: Thai Fight

ယခုတစ်ပတ်ကျင်းပခဲ့သည့် မွေထိုင်းပြိုင်ပွဲနှင့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်သည့် ရဲရင့်နောင်နှင့် ဟံသာဝတီတို့ နှစ်ဦးစလုံး ရှုံးပွဲများကိုယ်စီ ကြုံတွေ့ခဲ့ကြောင်း သိရသည်။
ထိုင်းဖိုက်လိဂ်- ၆၂ (Thai Fight League-62) မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာ ရဲရင့်နောင်သည် (၆၃) ကီလိုတန်း၌ အိမ်ရှင်ထိုင်းဖိုက်တာ ခါဝမ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည်။
ယင်းပွဲတွင် ပထမအချီ၌ နှစ်ဦးစလုံး လက်ရည်ညီစွာ ဆိုင်ထိုးပြိုင်ထိုးဖြင့် သတ်လုံးသတ်ပေါက်စုံစွာ ထိုးသတ်သွားသောကြောင့် ပွဲမှာ ကြည့်ကောင်းခဲ့သည်။
ဒုတိယအချီတွင် ရဲရင့်နောင်မှာ အတင်းဝင်ဖိအားပေးထိုးသတ်လာပြီး ထိုင်းဖိုက်တာ ခါဝမ်က တားခြေနင်းခြေဖြင့် အကွာအဝေးထိန်းပြီး Counter စောင့်ထိုးခဲ့သောကြောင့် ရဲရင့်နောင် အမှတ်လျော့ခဲ့ရသည်။
တတိယအချီတွင်လည်း ထိုင်းဖိုက်တာကပင် ပါးနပ်စွာထိုးသတ်ပြီး အမှတ်ယူသွားသောကြောင့် ရဲရင့်နောင် အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်တွင်ပင် ကျင်းပသည့် Cambodia Mas Fight ခွန်ခမာပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဟံသာဝတီမှာ အိမ်ရှင်ဖိုက်တာ၏ အလဲထိုးခြင်းခံရကာ ရှုံးနိမ့်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group