Eleven Media Group

မြန်မာကွင်းလယ်လူ ကျော်မင်းဦး ကစားနေသည့် PDRM အသင်း MFL Challenge Cup ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်

Photo: PDRM FC

မြန်မာကွင်းလယ်လူ ကျော်မင်းဦး ကစားနေသည့် PDRM အသင်းသည် MFL Challenge Cup ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
ကျော်မင်းဦး၏ PDRM အသင်းသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁ ရက်က ယခုရာသီ MFL Challenge Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် ကီဒါ့ရှ်ဒါရူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုမိနစ်(၃၀) ပြီးဆုံးချိန်အထိ(၁-၁) ဂိုးဖြင့် သရေကျနေခဲ့သည်။

ယင်းအသင်းနှစ်သင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က ကစားခဲ့သည့် ဆီမီးဖိုင်နယ် ပထမအကျော့တွင်(၃-၃) ဂိုးဖြင့် သရေကျခဲ့သည်။
ထို့ကြောင့် ဒုတိယအကျော့ အချိန်ပိုပြီးဆုံးချိန်အထိ ထပ်မံသရေကျနေသောကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည်။
ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာတွင် PDRM အသင်းက ငါးလုံးစလုံးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး ကီဒါ့ရှ်ဒါရူးလ်အသင်းက လေးလုံးသာ ကန်သွင်းနိုင်ခဲ့သောကြောင့် ကျော်မင်းဦး၏ PDRM အသင်းမှာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခြင်းဖြစ်သည်။
ကျော်မင်းဦးသည် ဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် PDRM အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့သလို အချိန်ပိုမိနစ်(၃၀) ပြီးဆုံးချိန်အထိပါ ကစားခွင့်ရခဲ့သည်။
ထို့ပြင် ကျော်မင်းဦးသည် ပယ်နယ်တီအဆုံးအဖြတ် ခံယူရာတွင် PDRM အသင်းအတွက် ပထမဆုံးပယ်နယ်တီဘောလုံးကို သေသပ်စွာ ဝင်အောင်ကန်သွင်းပေးနိုင်ခဲ့သည်။
ထို့ကြောင့် ကျော်မင်းဦး၏ PDRM အသင်းသည် ယခုရာသီ MFL Challenge Cup ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် လာမည့်ဖေဖော်ဝါရီ ၁၅၊ ၂၂ ရက်များတွင် မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ကျော်မင်းဦး၏ PDRM အသင်းသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဗိုလ်လုပွဲပထမအကျော့အဖြစ် အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ဒုတိယအကျော့အဖြစ် အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သည်။
ကျော်မင်းဦးသည် ၂၀၂၃ ခု နှစ်ကတည်းက မလေးရှားစူပါလိဂ်ကလပ် PDRM အသင်းသို့ ရောက်ရှိနေသူဖြစ်ပြီး အမာခံကစားသမားအဖြစ် ကစားခွင့်ရရှိနေသည်။

မူရင်းသတင်း — Eleven Media Group