
ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာသည် လာမည့်ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပမည့် ONE Friday Fights 97 ပြိုင်ပွဲတွင် ပါဝင်ထိုးသတ်ဖွယ်ရှိကြောင်း ONE Lumpinee FC က အရိပ်အမြွက် ဖော်ပြခဲ့သည်။
ONE Lumpinee FC က ''ဗရိုနီကာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြည့်ရမယ်ဆို ကြိုက်ကြမလားဟေ့။ ပြိုင်ဘက်ကို ဘယ်သူနဲ့ တွေ့စေချင်သလဲ။ သတင်းအတိအကျ ထုတ်မှာကို စောင့်ကြဦးနော်''ဟု အရိပ်အမြွက် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာသည် ONE Lumpinee FC ၏ ဖော်ပြမှုအတိုင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပမည့် ONE Friday Fights 97 ပြိုင်ပွဲတွင် ပါဝင်ထိုးသတ်လာပါက ယင်းပွဲမှာ သူမ၏ ONE Championship နှင့် လက်တွဲပြီးနောက် ပထမဆုံး ပွဲဦးထွက် ထိုးသတ်သည့်ပွဲ ဖြစ်လာမည် ဖြစ်သည်။
ဗီရိုနီကာသည် ပြီးခဲ့သည့်ဇန်နဝါရီအတွင်းကမှ ထိုင်းနိုင်ငံ၏ နာမည်ကြီးမွေထိုင်းကလပ် Tiger Muay Thai နှင့် လမ်းခွဲပြီးနောက် ONE Championship နှင့် လက်တွဲထားခြင်းဖြစ်သည်။
ONE Championship ၏ CEO ဖြစ်သူ ချက်ထရီသည် မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာကို ခေါ်ယူရန် ကာလကြာရှည် စောင့်ဆိုင်းခဲ့ပြီး Tiger Muay Thai နှင့် ဗီရိုနီကာတို့၏ စာချုပ်သက်တမ်းအကုန်တွင် ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဗီရိုနီကာသည် ONE Championship နှင့် လက်တွဲပြီးနောက် ဘန်ကောက်ပို့စ်သတင်းစာနှင့် တွေ့ဆုံရာတွင် လက်ရှိ ONE Championship ၏ အမျိုးသမီးကစ်ဘောက်ဆင် အက်တမ်ဝိတ်ချန်ပီယံ ထိုင်းဖိုက်တာ ဖက်ဂျီဂျာနှင့် အမျိုးသမီး မွေထိုင်းအက်တမ်ဝိတ်ချန်ပီယံ ဘရာဇီးလ်ဖိုက်တာ အဲလက်စ်ဆီရာရိုဒရီဂွက်ဇ်တို့ နှစ်ဦးစလုံးကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဗီရိုနီကာက ''ONE နဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့အတွက် ကျွန်မ အရမ်းပျော်ပါတယ်။ ကျွန်မရဲ့ ပွဲဦးထွက်ပွဲအတွက် သေချာပြင်ဆင်သွားမှာပါ။ ကျွန်မ အပတ်တိုင်း ONE ရဲ့ပွဲ တွေကို ကာလကြာရှည် စောင့်ကြည့်လာခဲ့သူပါ။ ကျွန်မ အဲ့ဒီမှာ အမြဲ ထိုးသတ်ချင်ခဲ့တာပါ။ အခုတော့ ကျွန်မ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။ ဒီနှစ်ထဲမှာပဲ ကျွန်မ ချန်ပီယံခါးပတ်ဆီကို ရောက်အောင်သွားမှာပါ။ ဘယ်သူဖြစ်ဖြစ် ကျွန်မအတွက်ကတော့ ထိုးသတ်ဖို့ အဆင်သင့်ပါပဲ။ ဖက်ဂျီဂျာနဲ့ အဲလက်စ်ဆီရာတို့ နှစ်ယောက်စလုံးကို ကျွန်မ လေးစားပြီးသားပါ။ သူတို့က သိပ်ကောင်းတဲ့ ဖိုက်တာတွေပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးကို ကျွန်မ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ကျွန်မအထင် သူတို့နှစ်ယောက်စလုံးကို ကျွန်မ အနိုင်ယူနိုင်ပါတယ်''ဟု ဘန်ကောက်ပို့စ်သတင်းစာအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗီရိုနီကာသည် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် အခြေချပြီး မွေထိုင်း ပွဲ (၂၀) ထိုးသတ်ထားရာ (၁၈) ပွဲနိုင်၊ (၂) ပွဲရှုံးနိမ့်ထားသည်။