
ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် ပါဝင်ထိုးသတ်မည့် ONE-171 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၃ ဆိုင်းအထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ONE Championship ပရိုမိုးရှင်းသည် ONE-171 ပြိုင်ပွဲကို လာမည့်ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာတာနိုင်ငံ၊ လူဆေးလ်မြို့ရှိ ပရိသတ် တစ်သောင်းခွဲကျော်ဆံ့ Lusail Sports Arena တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် ပြိုင်ဘက်ဟောင်း တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်နှင့် မကျေပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ONE-171 ပြိုင်ပွဲတွင် ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ နှစ်ပွဲ ပါဝင်မည်ဖြစ်သည်။
အဓိကခေါင်တွဲဆိုင်းအဖြစ် ဘင်မ်တမ်ဝိတ် ကစ်ဘောက်ဆင် ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဗြိတိန်ဖိုက်တာ ဂျိုနသန်ဟက်ဂါသီနှင့် စိန်ခေါ်သူ တရုတ်ဖိုက်တာ ဝေရု၊ ဒုခေါင်တွဲဆိုင်းအဖြစ် စတောဝိတ် MMA ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဖိလစ်ပိုင်ဖိုက်တာ ဂျိုရှူအာပပါဆီယိုနှင့် စိန်ခေါ်သူ အမေရိကန်ဖိုက်တာ ဂျရတ်ဘရုဒ်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
အခြားတွဲဆိုင်းများအဖြစ် ဘင်မ်တမ်ဝိတ် ကစ်ဘောက်ဆင်စိန်ခေါ်ပွဲအဖြစ် မော်ရိုကို/နယ်သာလန်ဖိုက်တာ အန်နာဟာချီနှင့် ထိုင်းဖိုက်တာ ပတ်ဖာဂက်စ်၊ မစ်ဒယ်ဝိတ် MMA စိန်ခေါ်ပွဲအဖြစ် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်နှင့် မြန်မာဖိုက်တာ အောင်လအန်ဆန်၊ ဝယ်လ်သာဝိတ် MMA စိန်ခေါ်ပွဲအဖြစ် တူရကီဖိုက်တာ အာဆလန်နယ်လိဖ်နှင့် ခရိုအေးရှားဖိုက်တာ ဆောဒစ်၊ ဘင်မ်တမ်ဝိတ် MMA စိန်ခေါ်ပွဲအဖြစ် ဘရာဇီးလ်/ကနေဒါဖိုက်တာ ဖာနန်ဒက်စ်နှင့် ဖိလစ်ပိုင်ဖိုက်တာ ဘယ်လင်ဂန်၊ ဖယ်သာဝိတ် MMA စိန်ခေါ်ပွဲအဖြစ် ရုရှားဖိုက်တာ ရှာမေးလ်ဂါဆာနော့ဖ်နှင့် ဗီယက်နမ်ဖိုက်တာ မာတင်ငုရင်၊ ဟဲဗီးဝိတ် MMA စိန်ခေါ်ပွဲအဖြစ် အီတလီဖိုက်တာ ဆာရီလီနှင့် ဘယ်လာရုစ်ဖိုက်တာ ဂရီရှန်ကို၊ ဘင်မ်တမ်ဝိတ် မွေထိုင်းစိန်ခေါ်ပွဲအဖြစ် ကနေဒါ/ဗြိတိန်ဖိုက်တာ ပိစ်ကုဒ်နှင့် ဂျပန်ဖိုက်တာ ရှင်ဂျီဆူဇူကီး၊ အမျိုးသမီး အက်တမ်ဝိတ် MMA စိန်ခေါ်ပွဲအဖြစ် ဂျပန်ဖိုက်တာ မူရာနှင့် အိန္ဒိယဖိုက်တာ ရီသုဖိုဂတ်၊ လိုက်ဝိတ် MMA စိန်ခေါ်ပွဲအဖြစ် အမေရိကန်ဖိုက်တာ ရူတိုလိုနှင့် အာဂျင်တီးနားဖိုက်တာ ဗီနာ၊ ဖလိုင်းဝိတ် Grappling စိန်ခေါ်ပွဲအဖြစ် ယူအေအီးဖိုက်တာ အယ်လ်ကာသီရီနှင့် ကူဝိတ်ဖိုက်တာ အယ်လ်ဟာဇာ၊ အခြား လိုက်ဝိတ် MMA စိန်ခေါ်ပွဲတစ်ပွဲတို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
အောင်လအန်ဆန်နှင့် ရှာမေးလ်အာဒိုဂန်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ONE-168 ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ပြီး ဒုတိယအချီတွင် ရှာမေးလ်အာဒိုဂန်၏ ချုပ်ကွက်ကြောင့် အောင်လအန်ဆန် ရှုံးနိမ့်ထားခဲ့သည်။
အောင်လအန်ဆန်နှင့် ရှာမေးလ်အာဒိုဂန်သည် ယင်းပွဲအပြီး ငါးလအကြာတွင် မကျေပွဲအဖြစ် ယခုအခါ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး မြန်မာဖိုက်တာ အောင်လအန်ဆန်မှာ ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။