
အာဆင်နယ်အသင်းနည်းပြ အာတီတာက မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် မိမိကိုယ်မိမိသာ အာရုံစိုက်ထားရန် ကစားသမားများအား သတိပေးပြောကြားသည်။
ဖေဖော်ဝါရီ ၂ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) တွင် အာဆင်နယ်အသင်းက လက်ရှိချန်ပီယံ မန်စီးတီးအသင်းအား အိမ်ကွင်း၌ (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
စက်တင်ဘာလအတွင်း အီတီဟတ်ကွင်း၌ (၂-၂) ဂိုးဖြင့် သရေကျခဲ့သည့် ပထမအကျော့ပွဲတွင် မန်စီးတီးအတွက် ချေပဂိုးကို ၉၀+၈ မိနစ်တွင် ဂျွန်စတုန်းသွင်းယူပြီးနောက် ဟာလန်းက ဂါဘရီယဲလ်၏ခေါင်းကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့သည်။
သို့ဖြစ်ရာ ယခုပွဲအစမှာပင် အော်ဒီဂွါ အဖွင့်ဂိုးသွင်းယူပြီးနောက် ဂါဘရီယဲလ်က ဟာလန်း၏မျက်နှာအနီးတွင် အော်ဟစ်၍ ပြန်လည်တုံ့ပြန်ခဲ့သလို လူငယ်နောက်ခံလူ လူးဝစ်စကယ်လေကလည်း ပထမဆုံး စီနီယာဂိုးသွင်းယူအပြီးတွင် ဟာလန်းအောင်ပွဲခံလေ့ရှိသည့်ပုံစံအတိုင်း ပြုလုပ်ခဲ့သည်။
နှစ်ဖက်အသင်းနှင့် ကစားသမားများအကြား ပြိုင်ဆိုင်မှုပြင်းထန်နေသည့်အခြေအနေနှင့်ပတ်သက်၍ အာတီတာက ''ကျွန်တော် (လူးဝစ်စကယ်လေ) အဲဒီလိုအောင်ပွဲခံတာကို မသိပါဘူး။ တွေ့လည်းမတွေ့လိုက်ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တာလည်း မရှိပါဘူး။ ကစားသမားတွေက အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အမြင်ကို သိပါတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာပဲ အာရုံစိုက်ရပါမယ်။ ဖြစ်ခဲ့သမျှအားလုံးကို ထားခဲ့လိုက်ပါ။ ဒါက ကွင်းထဲမှာဖြစ်နေကျ အစိတ်အပိုင်းတွေပါ။ အဲဒီမှာ ဘာပဲဖြစ်ဖြစ် ထားခဲ့လိုက်ပါ။ ကျွန်တော်တို့က ဘောလုံးလောကမှာ ရှိနေတာ ကြာပါပြီ။ အဲဒီမှာ တခြားလုပ်စရာမရှိပါဘူး'' ဟု သတိပေးပြောကြားသည်။
အာတီတာအနေဖြင့် မန်စီးတီးအသင်းအား နောက်ဆုံးငါးပွဲဆက် မရှုံးစေရန် (နှစ်ပွဲ နိုင်၊ သုံးပွဲသရေ) စွမ်းဆောင်ထားနိုင်ပြီဖြစ်ပြီး သောမတ်စ်တူဟယ်လ်၊ ယာဂန်ကလော့ပ်တို့ နှင့်အတူ ဂွါဒီယိုလာအား ပွဲဆက်အများဆုံး ရှုံးပွဲမရှိကစားနိုင်သည့်မှတ်တမ်း ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းမှာမူ ယခုရာသီတွင် လေးဂိုးနှင့်အထက် ခွင့်ပြုရသည့်ပွဲစဉ် လေးပွဲအထိရှိလာပြီး ဂွါဒီယိုလာအတွက် တစ်ရာသီအတွင်း ယင်းကဲ့သို့ ခံစစ်ပိုင်းစွမ်းဆောင်ရည် ဆိုးရွားနေခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
''ဒါက လွယ်လွယ်နဲ့ပျက်စီးတာပါ။ ဘာလို့လဲဆိုတော့ အခုလိုမျိုး အကြိမ်ကြိမ်ဖြစ်နေလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သင်ယူဖို့၊ ပိုကောင်းအောင်လုပ်ဖို့ တာဝန်ရှိပါတယ်။ အခုလိုမျိုး တစ်ရာသီလုံးဖြစ်နေတာပါ။ ကျွန်တော်တို့ ဂိုးပေးရတာတွေက အရမ်းများလွန်းတယ်။ အဲဒီလိုဖြစ်လို့မရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲဒီလိုပဲ ဖြစ်သွားပါပြီ'' ဟု ဂွါဒီယိုလာက သုံးသပ်ပြောကြားသည်။