
မန်ယူအသင်း၏ အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်သည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာပြဿနာ ရရှိခဲ့ပြီးနောက် ယင်းဒဏ်ရာကြောင့် ကာလရှည် အနားယူရဖွယ်ရှိနေကြောင်း သိရှိရသည်။
လီဆန်ဒရိုမာတီနက်ဇ်သည် ယင်းပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်ကစားသမား အစ္စမေးလ်ဆားနှင့် ဘောလုံးယှဉ်လုရန် ကြိုးစားရာမှ ဒူးအရွတ်တွင် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။
မာတီနက်ဇ်သည် ယင်းဒဏ်ရာကြောင့် ကွင်းအတွင်းမှ ထမ်းစင်နှင့် သယ်ထုတ်ခဲ့ရပြီး ကွင်းအတွင်းမှ ထွက်ခွာချိန်တွင် မျက်ရည်ကျခဲ့သည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့သည်။
ဒဏ်ရာအခြေအနေနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း လက်ရှိအခြေအနေအရ လီဆန်ဒရိုမာတီနက်ဇ်၏ ဒဏ်ရာမှာ ခွဲစိတ်ကုသရန်လိုအပ်ပြီး အနည်းဆုံး ၆ လမှ ၈ လ အထိ အနားယူရဖွယ်ရှိနေသည်ဟုလည်း သိရှိရသည်။