Eleven Media Group

နာမည်ကြီး မြောက်အိုင်ယာလန် ဂေါ့ဖ်ကစားသမား မက်ကယ်ရွိုင်း ယခုနှစ်အတွက် ပထမဆုံးချန်ပီယံအောင်မြင်မှုရရှိ

Photo: X

နာမည်ကြီး မြောက်အိုင်ယာလန်ဂေါ့ဖ်ကစားသမား မက်ကယ်ရွိုင်းသည် AT&T Pebble Beach Pro-Am ပြိုင်ပွဲတွင် ဗိုလ်စွဲပြီး ယခုနှစ်အတွက် ပထမဆုံး ချန်ပီယံအောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂ ရက် အထိ ကျင်းပခဲ့ပြီး မက်ကယ်ရွိုင်းက လျှော့ရိုက်ချက် နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲ ပထမနေ့မှာပင် မက်ကယ်ရွိုင်းနှင့် အိုင်ယာလန်ကစားသမား ရှိန်းလိုရီတို့ hole-in-one (တစ်ချက်တည်းဖြင့် ကျင်းဝင်) ရိုက်နိုင်ခဲ့သည်။
မက်ကယ်ရွိုင်းသည် ပထမနေ့တွင် သတ်မှတ်ရိုက်ချက် ၇၂ ချက်ထက် ခြောက်ချက်လျော့၍ ၆၆ ချက်၊ ဒုတိယနေ့တွင် နှစ်ချက်လျော့၍ ၇၀ ချက်၊ တတိယနေ့တွင် ခုနစ်ချက်လျော့၍ ၆၅ ချက်နှင့် နောက်ဆုံးနေ့တွင် ခြောက်ချက်လျော့၍ ၆၆ ချက် ရိုက်ခဲ့သည်။
ထို့ကြောင့် ပြိုင်ပွဲအပြီးတွင် မက်ကယ်ရွိုင်းက စုစုပေါင်းရိုက်ချက် ၂၆၇ ချက်၊ လျှော့ရိုက်ချက် ၂၁ ချက်ရရှိပြီး ဒုတိယနေရာမှ လိုရီထက် နှစ်ချက်အသာဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။
''ဒီနေ့က ခက်ခဲပြီး စိတ်လှုပ်ရှားဖို့ကောင်းမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီနေရာမှာ ဦးဆောင်သူတွေ အများကြီးရှိပါတယ်။ ကျင်းထဲရိုက်နိုင်ဖို့ စိတ်ထဲမှာထားခဲ့ရပြီး အဲဒါကို လုပ်နိုင်ခဲ့ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ''နောက်ဆုံးမှာတော့ ကျွန်တော်က ကွင်းအမျိုးအစားအစုံမှာ အနိုင်ကစားနိုင်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကို သက်သေပြနိုင်ခဲ့ပါပြီ။ ကျွန်တော့်ကိုယ်ကျွန်တော် အခြေအနေအစုံ၊ ကွင်းအမျိုးအစားအစုံမှာ ကစားနိုင်သူအဖြစ် ယူဆထားခဲ့ပေမဲ့ ဒီကွင်းမှာ ဗိုလ်စွဲနိုင်မှသာ ဒါကို ကိုယ့်ကိုယ်ကို သက်သေပြနိုင်မှာလို့လည်း အမြဲတမ်း တွေးတောခဲ့တာပါ။ အခု ကျွန်တော့် ဆန္ဒပြည့်မြောက်သွားခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုတွေထဲမှာ ဒီအချက်ကလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်'' ဟု မက်ကယ်ရွိုင်းက ပြောကြားခဲ့သည်။
မက်ကယ်ရွိုင်းသည် ယခုပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ဆုကြေး ဒေါ်လာ ၃ ဒသမ ၆ သန်း ဆွတ်ခူးရရှိခဲ့သည်။
ယင်းချန်ပီယံဆုမှာ ၎င်းအတွက် ကစားသမားဘဝတစ်လျှောက် PGA Tour ပြိုင်ပွဲများတွင် ၂၇ ကြိမ်မြောက် အောင်မြင်မှုရရှိခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group