Eleven Media Group

ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်တွင်  သုံးစွဲခဲ့သည့် မန်စီးတီးအသင်း၏အသုံးစရိတ် ပေါင်သန်း ၁၈၀ သည် ပရီးမီးယားလိဂ် ၁၉ သင်းပေါင်းနီးပါးရှိ

Photos: X

ဥရောပထိပ်တန်းလိဂ်များ၏ ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခဲ့ပြီး မန်စီးတီးအသင်းက စုစုပေါင်း ပေါင် သန်း ၁၈၀ ဝန်းကျင်သုံးစွဲကာ ငွေသုံးစွဲမှုအများဆုံးအသင်းအဖြစ် အခြားအသင်းများထက် အပြတ်အသတ်သာလွန်ခဲ့သည်။

မန်စီးတီးအသင်း၏သုံးစွဲမှုပမာဏသည် ပရီးမီးယားလိဂ် ၁၉ သင်းစလုံး အသုံးပြုခဲ့သည့် ပေါင် သန်း ၁၉၀ ကိုလိုက်မီရန် အနည်းငယ်သာ လိုခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် စျေးကွက်နောက်ဆုံးရက်တွင် ပေါ်တို အသင်းမှ စပိန်ကွင်းလယ်လူ နီကိုဂွန်ဇာ လက်ဇ်အား ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူပြီးနောက် ယင်းပမာဏသို့ ရောက်ရှိခဲ့သည်။

မန်စီးတီးအသင်းသည် လာမာစီယာအကယ်ဒမီထွက် နီကိုဂွန်ဇာလက်ဇ်(၂၈ နှစ်)မတိုင်မီ ဖရန့်ဖတ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား မာမွတ်ရှ်ကို ပေါင် ၅၉ ဒသမ ၁ သန်း၊ လန်းစ်အသင်းမှ ဥဇဘက်ကစ္စတန်နောက်ခံလူ ခူဆာနော့ဗ်ကို ပေါင် ၃၃ ဒသမ ၆ သန်း၊ ပါလ်မီးရက်စ်အသင်းမှ ဘရာဇီးလ်နောက်ခံလူ ဗစ်တာဟေးစ်ကို ပေါင် ၂၉ ဒသမ ၆ သန်း၊ ဗယ်လာဒိုလစ်သင်းမှ ဆီအာရာလီယွန် နောက်ခံလူ ဂျူမားဘားကို ပေါင် ၅ ဒသမ ၁ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

မန်စီးတီး၏ ယခုအသုံးစရိတ်သည် ၂၀၂၃ ခုနှစ်၌ တင်ရှိထားသော ချယ်လ်ဆီးအသင်း၏ ပေါင် ၂၇၄ သန်းပြီးလျှင် သမိုင်းတစ်လျှောက် ဆောင်းရာသီစျေးကွက်တွင် ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် မန်စီးတီးအသင်း သမိုင်းတွင်လည်း ၂၀၁၇ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလက ဝေါ်လ်ကာ၊ မန်ဒီ၊ ဘာနာဒိုဆေးလ်ဗား၊ အီဒါဆန်၊ ဒန်နီလိုနှင့် ဒူးဂလပ်စ်လူးဝစ်ဇ်ကို ပေါင် ၂၂၅ သန်းအသုံးပြုကာ ခေါ်ယူပြီးနောက် အပြောင်းအရွှေ့စျေးကွက်တစ်ခုအတွင်း အသင်း၏ဒုတိယအများဆုံး သုံးစွဲမှုဖြစ်ခဲ့သည်။

ပရီးမီးယားလိဂ်၏ဇန်နဝါရီအသုံးစရိတ်ပေါင်းသည် ပေါင် သန်း ၃၇၀ ဝန်းကျင်ရှိခဲ့ပြီး ပြီးခဲ့သည့် ရာသီကထက် များစွာပိုများခဲ့သော်လည်း စံချိန်တင်ဖြစ်ခဲ့သော ၂၀၂၃ ခုနှစ်က ပေါင် ၈၁၅ သန်းထက် များစွာလျော့နည်းခဲ့သည်။ လာလီဂါပြိုင်ပွဲမှ ထိပ်တန်းလိဂ်များထဲတွင် များစွာနည်းပါးခဲ့ပြီး ပေါင် သန်း ၂၀ ကျော်သာ ရှိခဲ့သည်။

■ ပြောင်းရွှေ့ကြေးအများဆုံးသုံးစွဲသည့် ထိပ်ဆုံး ၁၀ သင်း

အမည် ကလပ် ကြေး(ပေါင်)

ဒူရန် အက်စတွန်ဗီလာ ၆၄.၄ သန်း
မာမွတ်ရှ် မန်စီးတီး ၅၉.၁ သန်း
ခါဗာရာဆကယ်လီယာ PSG ၅၉.၁ သန်း
နီကိုဂွန်ဇာလက်ဇ် မန်စီးတီး ၄၉.၈ သန်း
ဆိုင်မွန်စ် လိုက်ပ်ဇစ် ၄၁.၈ သန်း
ခူဆာနော့ဗ် မန်စီးတီး ၃၃.၈ သန်း
ဗစ်တာဟေးစ် မန်စီးတီး ၂၉.၆ သန်း
S.ဟီမင်နက်ဇ် အေစီမီလန် ၂၆.၆ သန်း
ဒေါ်ဂူ မန်ယူ ၂၅.၁ သန်း
ဝါဟီ ဖရန့်ဖတ် ၂၁.၉ သန်း
ဇီမက်စ် ဘရိုက်တန် ၂၀.၈ သန်း
ဖိုင်လိုဂျင်း အစ်ဝစ်ချ် ၂၀ သန်း
မာလန်း အက်စတွန်ဗီလာ ၂၀ သန်း

မူရင်းသတင်း — Eleven Media Group