Eleven Media Group

လူငယ်ဖူဆယ်အားကစားသမားများ ထွက်ပေါ်လာစေရန် ယူ-၁၆ နှင့် ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲများ ယခုနှစ်တွင် စတင်ကျင်းပမည်

Photo: MFF

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် လူငယ်ဖူဆယ်အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွည်၍ ယခုနှစ်မှစတင်ကာ ယူ-၁၆ နှင့် ယူ-၁၉ ဖူဆယ်လိဂ် ပြိုင်ပွဲများ စတင်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

MFF သည် ပြီးခဲ့သည့်နှစ်တွင် ယူ-၁၉ အမျိုးသားဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ စတင်ကျင်းပခဲ့ပြီးနောက် ယခုနှစ်တွင် လိဂ်ပြိုင်ပွဲများ စတင်ကျင်းပရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ MFF သည် ယခင်က အမျိုးသား ဖူဆယ်ကလပ်ပြိုင်ပွဲများသာ ကျင်းပခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် အမျိုးသမီးဖူဆယ် ပြိုင်ပွဲ၊ ၂၀၂၄ ခုနှစ် ယူ-၁၉ အမျိုးသားဖူဆယ် ပြိုင်ပွဲများ တိုးမြှင့်ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် တွင် လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ ပြုလုပ်ရန် စီစဉ်နေသလို အမျိုးသမီးဖူဆယ်လိဂ်ပြိုင်ပွဲ ပြုလုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဖြစ် သည်။

MFF သည် ယူ-၁၆ နှင့် ယူ-၁၉ လိဂ် ပြိုင်ပွဲများကို မတ်လမှ စက်တင်ဘာအတွင်း ပြုလုပ်မည်ဖြစ်ပြီး လိဂ်တစ်ခုတွင် အသင်း ၁၂ သင်းစီ ပါဝင်မည်ဖြစ်သည်။ ယူ-၁၆ လိဂ် တွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်အတွင်း ကစားသမားများ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိ MFF ဖူဆယ်လိဂ်-၁ နှင့် လိဂ်-၂ ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် ကလပ်အသင်းများမှ လူငယ်အသင်းများကို ဦးစားပေးယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။

ယူ-၁၉ လိဂ်ပြိုင်ပွဲတွင် အသက် ၁၇ နှစ်မှ ၁၉ နှစ်အတွင်း ကစားသမားများ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး လိဂ်-၁ နှင့် လိဂ်-၂ ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသူများအနေဖြင့် အသက်မီပါက ကစားခွင့်ရရှိမည်ဖြစ်သည်။ MFF သည် လက်ရှိကျင်းပနေသည့် MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲနှင့် လိဂ်-၂ ပြိုင်ပွဲအပြီး တွင် လူငယ်လိဂ်ပြိုင်ပွဲများ ဆက်လက်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ MFF ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် ပြည်တွင်းဖူဆယ်လောက တိုးတက်ဖွံ့ဖြိုးလာရန်၊ လူငယ်ကစားသမားများ စဉ်ဆက်မပြတ်ထွက် ပေါ်လာစေရန်နှင့် အမျိုးသမီးဖူဆယ်ကစားသမားများ ထွက်ပေါ်လာစေရန် ယခုရာသီတွင် ပြည်တွင်းဖူဆယ်ပြိုင်ပွဲများ တိုးမြှင့်ကျင်းပရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group