Eleven Media Group

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာ ဖေဖော်ဝါရီ ၁၄ ရက် ကျင်းပမည့် ONE Friday Fight 97 ပြိုင်ပွဲတွင် ချီလီနိုင်ငံသူ ဗယ်ရာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်

Photo: ONE

ကယန်းတိုင်းရင်းသူ မြန်မာရိုးရာလက်ဝှေ့မယ် ဗီရိုနီကာသည် ဖေဖော်ဝါရီ ၁၄ ရက်ကျင်းပမည့် ONE Friday Fight 97 ပြိုင်ပွဲ တွင် ချီလီနိုင်ငံသူ ဗယ်ရာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
ကယန်းတိုင်းရင်းသူ မြန်မာရိုးရာလက်ဝှေ့မယ် ဗီရိုနီကာသည် ONE lumpinee FC ၏ ဖော်ပြမှုအတိုင်း ဖေဖော်ဝါရီ ၁၄ ရက် ကျင်းပမည့် ONE Friday Fight 97 ပြိုင်ပွဲ တွင် ပါဝင်ထိုးသတ်ခွင့်ရမည်ဖြစ်ပြီး ယင်းပွဲမှာ ONE Championship နှင့် လက်တွဲပြီးနောက် ပထမဆုံး ပွဲဦးထွက်ထိုးသတ်ခွင့်ရသည့်ပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ဗီရိုနီကာသည် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံ၏ နာမည်ကြီး မွေထိုင်းကလပ် Tiger Muay Thai နှင့် လမ်းခွဲပြီးနောက် ONE Championship နှင့် လက်တွဲထားခြင်းဖြစ်သည်။ ONE Championship ၏ CEO ဖြစ်သူ ချက်ထရီသည် မြန်မာရိုးရာလက်ဝှေ့မယ် ဗီရိုနီကာကို စာချုပ်ခေါ်ယူရန် ကာလရှည် စောင့်ဆိုင်းခဲ့ပြီး Tiger Muay Thai နှင့် ဗီရိုနီကာတို့၏ စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗီရိုနီကာသည် ONE Championship နှင့် လက်တွဲပြီးနောက် ဘန်ကောက်ပို့စ်သတင်းစာနှင့် တွေ့ဆုံရာတွင် ONE Championship ၏ အမျိုးသမီးကစ်ဘောက်ဆင် အက်တမ်ဝိတ် ချန်ပီယံ ထိုင်းဖိုက်တာ ဖက်ဂျီဂျာနှင့် အမျိုး သမီး မွေထိုင်းအက်တမ်ဝိတ်ချန်ပီယံ ဘရာဇီး ဖိုက်တာ အဲလက်စ်ဆီရာရိုဒရီဂွက်ဇ်တို့ နှစ်ဦးစလုံးကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group