Eleven Media Group

ပြိုင်ပွဲများနှင့် ကင်းကွာနေသည့် ကမ္ဘာ့နံပါတ်နှစ် တင်းနစ်မယ်ဟောင်း ခီဗီတိုဗာ တင်းနစ်ပြန်ကစားမည်

Photo: Tennis Majors

ချက်ဝါရင့်တင်းနစ်မယ် ခီဗီတိုဗာသည် ကလေးမွေးဖွားမှုကြောင့် ပြိုင်ပွဲများနှင့် ကင်းကွာနေခဲ့ရပြီးနောက် ယခုအခါ တင်းနစ်ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်တော့မည်ဟု အတည်ပြုကြေညာခဲ့သည်။

ကမ္ဘာ့နံပါတ်နှစ် တင်းနစ်မယ်ဟောင်း ခီဗီတိုဗာ(၃၄ နှစ်)သည် သားဖြစ်သူကို မွေး ဖွားမှုကြောင့် တင်းနစ်ပြိုင်ပွဲများနှင့် ၁၅ လ ကြာ ကင်းကွာနေခဲ့ရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလက တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို နှစ်ကြိမ်ရရှိဖူး သူ ခီဗီတိုဗာအနေဖြင့် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့ပြီး သားဖြစ်သူကို ၂၀၂၄ ခုနှစ် ဇူလိုင်လက မွေးဖွားခဲ့ကြောင်း သိရသည်။

"တင်းနစ်အားကစားနဲ့ ၁၅ လကြာ ဝေးကွာခဲ့ရပြီးနောက် ကျွန်မမှာ ပီတာလို့ခေါ်တဲ့ သားလေးတစ်ဦး ရှိလာခဲ့ပါတယ်။ တင်းနစ်ကွင်းတွေဆီ ကျွန်မ ပြန်လာမှာပါ။ တင်းနစ်ကို အမှန်တကယ် လွမ်းနေမိပြီး ပြိုင်ပွဲဝင်ရတာကိုလည်း သတိရနေပါတယ်။ ဒါကြောင့် တစ်ကျော့ပြန်လာဖို့ကို မျှော်လင့်စောင့်စားနေမိပါတယ်။ ကျွန်မ မစောင့်နိုင်တော့ပါဘူး"ဟု ခီဗီတိုဗာက သူ၏ Instagram တွင် ဗီဒီယိုဖိုင်တင်ရှိပြီး ပြောကြားခဲ့သည်။

ခီဗီတိုဗာသည် လာမည့် ဖေဖော်ဝါရီလ ၂၄ ရက်၌ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့တွင် ကျင်းပမည့် ATX Open တင်းနစ်ပြိုင်ပွဲတွင် တစ်ကျော့ပြန်ပြိုင်ပွဲဝင်ရန် စီစဉ်ထားလျက် ရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။ ခီဗီတိုဗာအနေဖြင့် ကစားသမားသက်တမ်းတစ်လျှောက် WTA Tour ဆုဖလား ၃၁ ကြိမ်အထိ ရရှိထားခဲ့ပြီး ၂၀၂၃ ခုနှစ်က မိုင်ယာမီနှင့် ဘာလင်ပြိုင်ပွဲများတွင် နောက်ဆုံးအောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group