Eleven Media Group

နီပေါ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမား ၂၃ ဦး ခေါ်ဆောင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည်

Photo: MFF

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီတက်ဆုရိုသည် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိကျင်းပမည့် နီပေါ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဒီဇင်ဘာလလယ်ပိုင်းကတည်းက ပဏာမကစားသမား ၃၂ ဦးဖြင့် စခန်းဝင်လေ့ကျင့်ခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က သတ်မှတ်ထားသည့် ဖေဖော်ဝါရီ အမျိုးသမီးနိုင်ငံတကာရက်သတ္တပတ်တွင် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲ ကစားခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခင်က အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းရန် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုရခဲ့သော်လည်း နောက်ပိုင်းတွင် နီပေါ လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လက်ရှိစခန်းဝင်လေ့ကျင့်နေသည့် ပဏာမကစားသမား ၃၂ ဦးအနက် ၂၃ ဦးရွေးချယ်ကာ နီပေါ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲသွားရောက်ခါနီးမှသာ အပြီးသတ်လူစာရင်း ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲသုံးခုအတွက် ပြင်ဆင်နေခြင်း ဖြစ်သောကြောင့် နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုသည် ပဏာမလူစာရင်းတွင် စီနီယာကစားသမားများအပြင် လူငယ်ကစားသမားများ၊ မျက်နှာသစ်ကစားသမားများလည်း ထည့်သွင်းရွေးချယ်ထားပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားရင်း ကောလိပ်အမျိုးသမီးဘောလုံးအသင်း၌ ပါဝင်ကစားနေသည့် တိုက်စစ်ကစားသမား မေထက်လူကိုလည်း ထည့်သွင်းရွေးချယ်ထားသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ၂၀၂၅ ခုနှစ်တွင် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲ၊ ၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင် ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နီပေါ လေးနိုင်ငံဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နီပေါ၊ မြန်မာ၊ လက်ဘနွန်နှင့် ကာဂျစ္စတန်အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးနှစ်သင်း ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်ဘနွန်အသင်း၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာဂျစ္စတန်အသင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် နီပေါအသင်းနှင့် ကစားရမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group