
ပရီးမီးယားလိဂ်ကလပ်အသင်း (၂၀) သည် ယခု ၂၀၂၄-၂၅ ရာသီ အပြောင်းအရွှေ့ကာလနှစ်ခုပေါင်းတွင် ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင် (၂.၃၅) ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်ကလပ်အသင်း (၂၀) သည် ယခုရာသီ နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ် ယူမှုအတွက် ပေါင် (၁.၉၈) ဘီလီယံကျော် သုံးစွဲခဲ့ပြီး မကြာခင်က ပြီးစီးခဲ့သည့် ဆောင်းရာသီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း (၃၇၀)ကျော် သုံးစွဲခဲ့ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်သည် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ကမ္ဘာပေါ်တွင် စီးပွားရေးအရ အတိုးတက်မှုနှုန်းအမြန်ဆုံးလိဂ်ဖြစ်ခဲ့ပြီး အပြောင်းအရွှေ့စျေးကွက်တွင် ငွေကြေးများစွာ သုံးစွဲလာနိုင်ခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်တွင် Big Six ကလပ်များကဲ့သို့ အခြားအသင်းများမှာလည်း အပြောင်းအရွှေ့တွင် ငွေကြေးများ ပိုမိုသုံးစွဲလာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၄-၂၅ ရာသီ အပြောင်းအရွှေ့ကာလနှစ်ခုတွင် ကစားသမားသစ်ခေါ်ယူမှုအတွက် ငွေကြေးသုံးစွဲ မှုအများဆုံး ပရီးမီးယားလိဂ်အသင်းအဖြစ် ဘရိုက်တန်အသင်းက ထိပ်တန်းအသင်းကြီးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။ ဘရိုက်တန်အသင်းသည် ယခုရာသီအပြောင်းအရွှေ့ကာလ (၂) ခုတွင် ပေါင် (၂၃၁.၄) သန်း အထိ သုံးစွဲခဲ့ပြီး ကစားသမားသစ် (၂၅) ဦးအထိ ခေါ်ယူခဲ့ကြောင်း သိရသည်။
ဘရိုက်တန်အသင်းနောက်တွင် မန်ယူ (ပေါင် ၂၀၂.၁ သန်း)၊ မန်စီးတီး(ပေါင် ၂၀၀.၈ သန်း)၊ ချယ်လ် ဆီး(ပေါင် ၁၉၆.၇ သန်း)နှင့် အက်စတွန်ဗီလာ (ပေါင် ၁၇၆.၉ သန်း)တို့က အဆင့် (၂) မှ အဆင့် (၅) အတွင်း အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။
၂၀၂၄-၂၅ ရာသီ အပြောင်းအရွှေ့ကာလနှစ်ခုပေါင်းတွင် ငွေကြေးသုံးစွဲမှုအနည်းဆုံးအသင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်ဖြစ်ပြီး ပေါင် (၃၄.၇)သန်းသာ သုံးစွဲခဲ့သည်။ ဒုတိယအနည်းဆုံးအသင်းမှာ လီဗာပူးလ်၏မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းဖြစ်ပြီး ပေါင် (၄၁.၃) သန်းသာ သုံးစွဲခဲ့ကြောင်း သိရှိရသည်။