
အာဆင်နယ်နည်းပြ အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် စိတ်ပျက်မိကြောင်း ဝန်ခံပြောကြားခဲ့သည်။
အာဆင်နယ်အသင်းပရိသတ်များက ဆာကာနှင့် ဂျေးဇူးတို့ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် တိုက်စစ်မှူးသစ် ခေါ်ယူရန် အသင်းကို တိုက်တွန်းခဲ့ကြသည်။
သို့သော် အာဆင်နယ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်တစ်ဦး မှ ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် အာတီတာက ဇန်နဝါရီတွင် တိုက်စစ်မှူးသစ်ခေါ်ယူ နိုင်ခြင်းမရှိသည့်အတွက် စိတ်ပျက်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
အာတီတာက "ကျွန်တော်တို့ အနေနဲ့ အပြောင်းအရွှေ့စျေးကွက်တိုင်းမှာ အသင်းလူစာရင်းကို အားဖြည့်ဖို့ လုပ်ခဲ့တာချည်းပါပဲ။ အခုလို ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ ကျွန်တော်တို့အနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အဲဒီအတွက်စိတ်ပျက်ရပါတယ်"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ပေါင်သန်း (၆၀) ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ထို့ပြင် အာဆင်နယ်အသင်းသည် မိုရာတာကိုခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ကစားသမားက ဂါလာစာရေးသို့ ပြောင်းရွှေ့ခဲ့သည်။