Eleven Media Group

မိမိသည် ပြီးပြည့်စုံဆုံးကစားသမားဖြစ်ပြီး ဘောလုံးသမိုင်းတွင် မိမိထက်ပိုကောင်းသည့် ကစားသမားမရှိဟု စီရော်နယ်လ်ဒို ကြုံးဝါး

Photo: Daily Mail

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းတွင် ကစားနေသည့် ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုက ၎င်းသည် ပြီးပြည့်စုံဆုံးဘောလုံးသမားဖြစ်ပြီး ဘောလုံးသမိုင်းတွင် ၎င်းထက်ပိုကောင်းသည့် ကစားသမား မရှိကြောင်း စပိန်ရုပ်သံ El Chiringuito နှင့် ပြုလုပ်သည့် အင်တာဗျုးတွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ (၅) ရက်က အသက် (၄၀) ပြည့်မြောက်ခဲ့သည့် စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတစ်လျှောက် ကလပ်အသင်းများနှင့် နိုင်ငံအသင်းအတွက် ဂိုးပေါင်း (၉၂၃) ဂိုးအထိ သွင်းယူထားပြီး ဘောလုံးသမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် ထာဝရအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ရာတွင် ပီလီ၊ မာရာဒိုနာ၊ မက်ဆီနှင့် စီရော်နယ်လ်ဒို တို့အကြား အငြင်းပွားမှုများ ရှိနေသည်။

ထို့ပြင် စီရော်နယ်လ်ဒိုအနေဖြင့် Ballon d'Or (၅) ကြိမ် ရရှိခဲ့သော်လည်း မက်ဆီက Ballon d'Or ကို စံချိန်တင် (၈) ကြိမ် အထိ ရရှိထားသည်။ ထို့ပြင် မက်ဆီအနေဖြင့် စီရော်နယ်လ်ဒို မရဖူးသည့် ကမ္ဘာ့ဖလားကိုပါ ရရှိထားရာ ကမ္ဘာကျော်ဘောလုံးသမားအများစုနှင့် နည်းပြအများစုက မက်ဆီက စီရော်နယ်လ်ဒိုထက် ပိုကောင်းကြောင်းလည်း ပြောဆိုမှုများ ရှိနေသည်။

သို့သော် စပိန်ရုပ်သံ El Chiringuito နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် စီရော်နယ်လ်ဒိုက မိမိသည် ဘောလုံးသမားများထဲတွင် ပြီးပြည့်စုံကစားသမားဖြစ်ကြောင်း နှင့် ဘောလုံးသမိုင်းတွင် မိမိထက် ပိုကောင်းသည့် ကစားသမား မမြင်မိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုက "သမိုင်းမှာ ဂိုးအများဆုံးသွင်းတဲ့သူက ဘယ်သူလဲ။ နံပါတ်တွေအကြောင်းကို ပြောနေတာနော်။ ဖြေစရာမရှိတော့ဘူး မဟုတ်လား။ ဘောလုံးသမိုင်းမှာ ခေါင်းတိုက်ဂိုးအများဆုံးသွင်းသူ၊ ဘယ်ခြေနဲ့ ဂိုးအများဆုံးသွင်းသူ၊ ပယ်နယ်တီအများဆုံးသွင်းသူ၊ ဖရီးကစ်အများဆုံးသွင်းသူက ဘယ်သူလဲ။ ကျွန်တော်က ဘယ်သန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးသမိုင်းမှာ ဘယ်ခြေနဲ့ ဂိုးအများဆုံး သွင်းတဲ့ ထိပ်ဆုံး (၁၀) ဦးထဲမှာ ကျွန်တော် ပါတယ်။ ပြီး တော့ ခေါင်းတိုက်ဂိုး၊ ညာခြေနဲ့ ဂိုးသွင်းမှု၊ ပယ်နယ်တီကန်သွင်းမှု အဲဒီအချက်တွေအားလုံးမှာ ကျွန်တော်က နံပါတ် (၁) ပဲ။ ကျွန်တော်က နံပါတ်တွေအကြောင်း ပြောနေတာနော်။ ကျွန်တော်က ဘောလုံးသမိုင်းမှာ ပြီးပြည့်စုံမှုအရှိဆုံး ကစားသမားလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့အမြင်မှာတော့ ကျွန်တော်ပါပဲ။ ဘောလုံးနဲ့ပတ်သက်ရင် အရာအားလုံးမှာ ကျွန်တော် တော်တယ်။ ခေါင်းတိုက်ဂိုး၊ ဖရီးကစ်၊ ဘယ်ခြေ အားလုံး ထိပ်ဆုံးပဲ။ ပြီးတော့ ကျွန်တော် မြန်ပြီး သန်မာတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ မက်ဆီ၊ ပီလီ၊ မာရာဒိုနာတို့ကို ကြိုက်တဲ့သူတွေ ရှိတယ်။ ဒါကိုကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်က ပြီးပြည့်စုံဆုံးပါပဲ။ ကျွန်တော့်ထက် ပိုကောင်းတဲ့ကစားသမားတစ်ယောက်မှ ကျွန်တော် မမြင်ဖူးပါဘူး။ ဒါကို နှလုံးသားနဲ့ ကျွန်တော် ပြောတာပါ"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group