
အာဆင်နယ်ကစားသမားဟောင်း ဝေါလ်ကော့က အသင်းပရိသတ်များအနေဖြင့် နည်းပြ အာတီတာနှင့် အသင်းအပေါ် စိတ်ရှည်ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် (၂) ရာသီဆက် ပရီးမီးယားလိဂ်တွင် မန်စီးတီးနောက် ဒုတိယရရှိခဲ့ပြီးနောက် ယခုရာသီတွင်အဓိကဆုဖလားရယူရန် အာဆင်နယ်ပရိသတ်များက မျှော်လင့်နေကြသည်။
သို့ သော် ဝေါလ်ကော့က ''အသင်းရဲ့တိုးတက်မှုကို ဆုဖလားတစ်ခုတည်းနဲ့ တိုင်းတာလို့ မရပါဘူး။ ဆုဖလားတွေရတာ ကောင်းပါတယ်။ ဒါပေမဲ့ ချက်ချင်းရဖို့ဆိုတာ မလွယ်ပါဘူး။ ဘောလုံးမှာ အောင်မြင်မှုရဖို့အတွက် စိတ်ရှည်ဖို့ လိုပါတယ်။ အောင်မြင်မှုတွေက တဖြည်းဖြည်းရလာပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
သို့သော် အာဆင်နယ်အသင်းသည် ယခုရာသီတွင် FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲများမှ ထွက်ခွာခဲ့ရပြီဖြစ်သည့်အတွက် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တွင်သာ ဆုဖလားမျှော်လင့်ချက်ရှိတော့သည်။
ဝေါလ်ကော့သည် အာဆင်နယ်အသင်းတွင် (၁၂)နှစ်ကြာကစားခဲ့ရာ FA ဖလားနှစ်ကြိမ်သာ ရယူနိုင်ခဲ့သည်။