Eleven Media Group

ဟာရီကိန်းအနေဖြင့် ၂၀၂၆ ဆောင်းရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ပေါင် (၅၄) သန်းဖြင့် ထွက်ခွာနိုင်ကြောင်း Bild ဖော်ပြ

Photo: X

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် အသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်တွင် လာမည့် ၂၀၂၆ ဆောင်းရာသီအပြောင်းအရွှေ့ ကာလ၌ ပေါင် (၅၄)သန်းဖြင့် ထွက်ခွာနိုင်သည်ဆိုသောအချက် ပါဝင်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
အသက် (၃၁) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းသည် ၂၀၂၃ နွေရာသီတွင် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ဘွန်ဒစ်လီဂါစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀)ဖြင့် ပြောင်းရွှေ့ခဲ့သည်။
ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်နှင့်အတူ ဆုဖလားအောင်မြင်မှု မရသေးသော်လည်း ဘွန်ဒစ်လီဂါပွဲ (၅၀) ပွဲတွင် (၅၅) ဂိုးအထိသွင်းကာ ပြိုင်ပွဲသမိုင်းတွင် စံချိန်သစ်တင်ထားသည်။
သို့သော် ဟာရီကိန်းအနေဖြင့် ဆန္ဒရှိပါက ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်ဖျက်သိမ်းနိုင်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ခြင်း ဖြစ်သည်။
Bild ၏ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းနှင့် ချုပ်ဆိုထားသည့် ဟာရီကိန်း၏ လက်ရှိစာချုပ်တွင် လျော်ကြေးစာချုပ် ပါဝင်နေကြောင်း သိရှိရသည်။
ယင်းအချက်အရ ဟာရီကိန်းအနေဖြင့် မကြာမီက ပိတ်သိမ်းခဲ့သည့် ဇန်နဝါရီ(ဆောင်းရာသီ)အပြောင်းအရွှေ့တွင် ပေါင် (၆၅)သန်းဖြင့် အသင်းပြောင်းရွှေ့နိုင်ခဲ့ပြီး လာမည့် ၂၀၂၆ ဇန်နဝါရီအပြောင်းအရွှေ့တွင် ၎င်း၏လျော်ကြေးမှာ ပေါင် (၅၄)သန်းသို့ ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၂၇ ခုနှစ်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဟာရီကိန်း၏ နေရာ၌ အစားထိုးရန်အတွက် ယိုကယ်ရက်စ်နှင့် ရှက်ရှကိုတို့ကို စောင့်ကြည့်နေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group