Eleven Media Group

အာမိုရင်မ်လက်ထက်တွင် မန်ယူအသင်း၏အခြေအနေမှာ တန်ဟက်ဂ်လက်ထက်ကထက် ပိုဆိုးရွားနေကြောင်း အသင်းဂန္ထဝင် ဂယ်ရီနဗီးလ် ဝေဖန်

Photo: AFP

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က လက်ရှိနည်းပြ အာမိုရင်မ်လက်ထက်တွင် မန်ယူအသင်း၏အခြေအနေမှာ အသင်းနည်းပြဟောင်း တန်ဟက်ဂ်လက်ထက်ကထက် ပိုမိုဆိုးရွားနေကြောင်း ဝေဖန်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် ၂၀၂၄ အောက်တိုဘာတွင် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ပြီး စပို့တင်းလစ္စဘွန်းအသင်းနှင့်အတူ နာမည်ရလာသည့် ပေါ်တူဂီလူမျိုးလူငယ်နည်းပြ အာမိုရင်မ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
သို့သော် မန်ယူအသင်းမှာ ရုန်းကန်နေရဆဲဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ပြီးနောက် အာမိုရင်မ်လက်ထက် ပရီးမီးယားလိဂ်တွင် (၇) ပွဲမြောက်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် အာမိုရင်မ်လက်ထက်တွင် မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်အိမ်ကွင်း (၇) ပွဲတွင် (၅) ပွဲအထိ ရှုံးနိမ့်ခဲ့ရာ စိုးရိမ်စရာအခြေအနေလည်းဖြစ်သည်။
ထို့ကြောင့် ဂယ်ရီနဗီးလ်က အာမိုရင်မ်လက်ထက်တွင် မန်ယူအသင်းမှာ တန်ဟက်ဂ်လက်ထက်ကထက် အခြေအနေပိုဆိုးနေကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။
''အာမိုရင်မ် မန်ယူကို ရောက်လာတုန်းက အသင်းပိုကောင်းလာမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ လက်တွေ့မှာ ကျွန်တော်တို့ မြင်နေရတာက ကျွန်တော်တို့ တွေးထားတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ မန်ယူအသင်းက သူ့လက်ထက်မှာ တန်ဟက်ဂ်လက်ထက်ကတောင် အခြေအနေပိုဆိုးနေပါတယ်။ ဒါက အံ့သြစရာပါပဲ။ အခုပုံစံအတိုင်းဆိုရင် မန်ယူပရိသတ်တွေအနေနဲ့ ဒီရာသီအကုန်မှာ အခုထက်ပိုပြီးဆိုးရွားတာတွေကို မြင်တွေ့ရဦးမယ်လို့ ထင်ပါတယ်''ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။
ထို့ပြင် ဂယ်ရီနဗီးလ်က အာမိုရင်မ်အနေဖြင့် ရှုံးပွဲများဆက်နေမည်ဆိုပါက ကစားသမားများ၏ယုံကြည်မှုကိုပါ ဆုံးရှုံးရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။
၎င်းက ''မန်ယူအသင်းက အာမိုရင်မ်နဲ့ပဲ ရှေ့ဆက်ဦးမှာပါ။ ဒါပေမဲ့ အာမိုရင်မ်အနေနဲ့ ရှုံးပွဲတွေကို မရပ်တန့်နိုင်ဘူးဆိုရင် ကစားသမားတွေက သူ့ရဲ့စိတ်ကူးတွေကို သံသယရှိလာပါလိမ့်မယ်။ ဒီတော့ အာမိုရင်မ်အနေနဲ့ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်မှ အဆင်ပြေမှာပါ''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group