
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်ဂန္ထဝင် ပေါလ်မာဆင်က အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား အက်စတွန်ဗီလာအသင်းထံသို့ အငှားချခဲ့ခြင်းအတွက် မန်ယူနည်းပြ အာမိုရင်မ်အား ပြစ်တင်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် နည်းပြ အာမိုရင်မ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည့် အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား အက်စတွန်ဗီလာအသင်းထံ ယခုရာသီကုန်အထိ အငှားချခဲ့ပြီး ပေါင်သန်း (၄၀) ဖြင့် အပြီးသတ်ရောင်းချမည်ဆိုသောအချက်ပါ ပါဝင်ကြောင်း သိရသည်။
ယခုအခါ ပေါလ်မာဆင်က ရပ်ရှ်ဖို့ဒ်အား အငှားချခဲ့ခြင်းမှာ အာမိုရင်မ်အတွက် စွန့်စားသည့်လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပေါလ်မာဆင်က ''အာမိုရင်မ်မှာ ဘာစိတ်ကူးမှ မရှိတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ရပ်ရှ်ဖို့ဒ်ကို အငှားချလိုက်တဲ့ သူ့ရဲ့လုပ်ရပ်ကို ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ အခု အာမိုရင်မ်ရဲ့ မန်ယူနည်းပြရာထူးက ရပ်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မူတည်နေတယ်လို့ ထင်ပါတယ်။ တကယ်လို့ ရပ်ရှ်ဖို့ဒ်သာ အက်စတွန်ဗီလာအတွက် (၁၀) ပွဲကစားပြီး (၁၀) ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် အာမိုရင်မ်အပေါ် မေးခွန်းတွေ လာတော့မှာပါ''ဟု ပြောကြားခဲ့သည်။
ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)သည် မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၄) ပွဲတွင် (၇) ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။