Eleven Media Group

ဆဇက်စနီသည် အသင်း၏ ပထမဂိုးသမားဟု ဟန်ဆီဖလစ်ခ် ဆို

Photo: X

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဆဇက်စနီသည် မိမိတို့အသင်းအတွက် ပထမဂိုးသမားဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် စက်တင်ဘာတွင် ACL ဒဏ်ရာရရှိခဲ့သည့် အသင်းနံပါတ် (၁) ဂိုးသမား စတီဂန်၏နေရာတွင် အစားထိုးရန်အတွက် ကစားသမားဘဝမှ ပူပူနွေးနွေးအနားယူထားသည့် ပိုလန်ဝါရင့်ဂိုးသမား ဆဇက်စနီအား အရေးပေါ်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဆဇက်စနီ (၃၄ နှစ်)သည် ယခုရာသီ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၇) ပွဲကစားထားသည်။
သို့သော် ၎င်းအနေဖြင့် အမှားများကြောင့် ဂိုးများပေးခဲ့ရရာ ဘာစီလိုနာအသင်းအနေဖြင့် စပိန်ဂိုးသမား ပီနာကိုသာ အသုံးပြုသင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ယခုအခါ ဟန်ဆီဖလစ်ခ်က ''ဆဇက်စနီက ကျွန်တော်တို့ရဲ့ နံပါတ် (၁) ဂိုးသမားပါ။ ဆဇက်စနီနဲ့ ပီနာကို လူတွေ နှိုင်းယှဉ်ပြီး ပြောနေကြတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဆဇက်စနီရဲ့ ကစားဟန်နဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် သူ့ကို ကျွန်တော်တို့ ရွေးချယ်တာပါ''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group