Eleven Media Group

ရီးယဲလ်မက်ဒရစ်အသင်း၏ ဖိအားပေးမှုကြောင့် စပိန်နိုင်ငံရှိ ဒိုင်လူကြီးအချို့ ဆန္ဒပြဖွယ်ရှိကြောင်း Cadena Cope ဖော်ပြ

Photo: X

ကွင်းလယ်ဒိုင်များနှင့်ပတ်သက်ပြီး လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်း၏ ဖိအားပေးမှုကြောင့် စပိန်နိုင်ငံရှိ ဒိုင်လူကြီးအချို့ ဘောလုံးပွဲများကို ကိုင်တွယ်ခြင်းမရှိဘဲ ဆန္ဒပြဖွယ်ရှိနေကြောင်း Cadena Cope က ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဖေဖော်ဝါရီ (၁) ရက်က အက်စ်ပန်ညိုအား (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လာလီဂါအဝေးကွင်းပွဲစဉ်မှ ကွင်းလယ်ဒိုင် မူနစ်ရုဇ်၏ဆုံးဖြတ်ချက်ကို ကျေနပ်ခြင်းမရှိသဖြင့် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) နှင့် စပိန်အားကစားဝန်ကြီးဌာနထံ စာပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် အက်စ်ပန်ညိုအတွက် ပွဲချိန် (၈၅) မိနစ်တွင် အနိုင်ဂိုးသွင်းခဲ့သည့် နောက်ခံကစားသမား ရိုမဲရိုးသည် ပွဲချိန် (၆၁) မိနစ်တွင် ဘာပေအား ကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့သော်လည်း အဝါကတ်သာ အပြခံခဲ့ရသည်။
ရီးယဲလ်မက်ဒရစ်အသင်းက ရိုမဲရိုးအနေဖြင့် ဘာပေအပေါ် ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသင့်သည်ဟု ယူဆနေကြောင်း သိရသည်။
ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် စပိန်အားကစားဝန်ကြီးဌာနထံ စာပေးပို့ခဲ့ပြီး ယင်းပေးစာတွင် ၎င်းတို့အသင်းအနေဖြင့် ဒိုင်လူကြီး၏ မတရားဆက်ဆံခြင်းကို ခံနေရကြောင်း၊ ယင်းအတွက် ၎င်းတို့အသင်း ဆုဖလားများ ဆုံးရှုံးခဲ့ရကြောင်း၊ လာလီဂါဒိုင်လူကြီးများသည် လာဘ်စားထားကြောင်းနှင့် လာလီဂါဒိုင်အချို့၏နာမည်ကို ရေးသားကာ အလုပ်မှထုတ်ပယ်ရန် တောင်းဆိုထားကြောင်း သိရှိရသည်။
ရီးယဲလ် မက်ဒရစ်အနေဖြင့် ယင်းကဲ့သို့ စာပေးပို့ခဲ့ပြီးနောက် စပိန်ဒိုင်လူကြီးအဖွဲ့ (CTA) သည် ဖေဖော်ဝါရီ(၃) ရက်က အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် CTA ဥက္ကဋ္ဌ ကန်တယ်လေဟိုက ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း လာလီဂါနှင့် ဆီဂန်ဒါပွဲစဉ်များမှ ဒိုင်လူကြီးများ၏အမှားကို ထောက်ပြခဲ့ပြီး အမှားကျူးလွန်ခဲ့သူများကို လာမည့်ရက်သတ္တပတ်များတွင် တာဝန် ပေးမည်မဟုတ်ဟု ဆိုခဲ့ကြောင်း သိရသည်။
Cadena Cope ၏ဖော်ပြချက်အရ စပိန်ရှိ ဒိုင်လူကြီးအချို့သည် ရီးယဲလ်အသင်း၏ ယင်းကဲ့သို့ ဖိအားပေးမှုကြောင့် ဘောလုံးပွဲများမကိုင်တွယ်ဘဲ ဆန္ဒပြဖွယ်ရှိနေကြောင်း သိရသည်။
စပိန်တွင် ဒိုင်လူကြီးများမှာ ဆဲဆိုမှုများသာမက ကိုယ်ထိလက်ရောက်ကျူးလွန်မှုများနှင့်ပါ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group