
မန်ယူ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း ချန်ပီယံဆုရရှိရေးအတွက် ''Mission 21'' နှင့် ''Mission 1'' တို့ကို အားကစားဒါရိုက်တာ ဆာဒေ့ဗ်ဘရေးလ်စဖို့ဒ်က ထုတ်ပြန်ထားကြောင်း သိရသည်။
မန်ယူအသင်းသည် ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန် နောက်ဆုံးကိုင်တွယ်ခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ ၁၂ နှစ် ကြာမြင့်နေပြီဖြစ်သည်။
မန်ယူအသင်းသည် ပထမတန်းအမည်ဖြင့် ကျင်းပစဉ်က ချန်ပီယံဆု ခုနစ်ကြိမ်၊ ပရီးမီးယားလိဂ်အဖြစ် အမည်ပြောင်းလဲပြီးနောက် ချန်ပီယံဆု ၁၃ ကြိမ်၊ စုစုပေါင်း အမှတ်ပေးချန်ပီယံဆု အကြိမ် ၂၀ ရရှိထားပြီး အင်္ဂလန်ဘောလုံးလောက၏ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
သို့သော် ၁၉ ကြိမ်ဖြင့် ဒုတိယနေရာမှ ရပ်တည်နေသည့် လီဗာပူးလ်အသင်း ယခုရာသီတွင် ဗိုလ်စွဲခဲ့ပါက ချန်ပီယံဆုအရေအတွက် တူညီသွားမည်ဖြစ်သည်။
ထို့ကြောင့် ဆာဒေ့ဗ်ဘရေးလ်စဖို့ဒ် ဦးဆောင်သည့်အဖွဲ့က အမျိုးသားအသင်းအတွက် ၂၁ ကြိမ်မြောက် ချန်ပီယံဆုကို ရည်ရွယ်၍ ''Mission 21'' နှင့် အမျိုးသမီးအသင်းအတွက် ပထမဆုံးချန်ပီယံဆုကို ရည်ရွယ်၍ ''Mission 1'' တို့ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆာဒေ့ဗ်ဘရေးလ်စဖို့ဒ် (၆၀ နှစ်) သည် မန်ယူအသင်းပူးတွဲပိုင်ရှင်(INEOS) လုပ်ငန်းစု၏ အားကစားဒါရိုက်တာဖြစ်ပြီး ပြင်သစ်ကလပ် နိစ်အသင်းကိုလည်း ပူးတွဲတာဝန်ယူထားသည်။
၎င်းသည် နိုဝင်ဘာတွင် အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်နှင့် လမ်းခွဲပြီးနောက် ယင်းရာထူးကိုပါ ရယူထားခြင်းဖြစ်သည်။
၎င်းနှင့်အတူ နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်၊ Liverpool Jonh Moores တက္ကသိုလ်၏ ပါမောက္ခဖြစ်သူ ဂျိမ်းစ်မော်တန်တို့က ''Mission 21'' နှင့် ''Mission 1'' ကို တာဝန်ယူထားကြောင်း သိရသည်။
မန်ယူအသင်းသည် အိုးလ်ထရက်ဖို့ဒ်ကွင်းအား တိုးချဲ့ပြင်ဆင်ခြင်း သို့မဟုတ် အသစ်တည်ဆောက်ခြင်းပြုလုပ်မည့် ဆုံးဖြတ်ချက်ကိုလည်း လာမည့်နွေရာသီတွင် ဆုံးဖြတ်ဖွယ်ရှိသည်။
မန်ယူအမျိုးသားအသင်းမှာ ရာသီအစမှာပင် ရလဒ်မကောင်းသဖြင့် ဒတ်ချ်နည်းပြ အဲရစ်တန်ဟက်ဂ်ကို အောက်တိုဘာလကုန်ပိုင်းတွင် ထုတ်ပယ်၍ ပေါ်တူဂီလူငယ်နည်းပြ အာမိုရင်မ်ကို အစားထိုးခန့်အပ်ထားသည်။
အာမိုရင်မ်လက်ထက်တွင်လည်း ရလဒ်ပိုင်း တိုးတက်လာခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၂၄ ပွဲကစား၊ ရှစ်ပွဲသာ အနိုင်ရကာ ငါးပွဲသရေ၊ ၁၁ ပွဲရှုံး၊ ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၁၃ နေရာ ရောက်ရှိနေသည်။
မန်ယူအမျိုးသမီးအသင်းကိုမူ ၂၀၁၈ ခုနှစ် မေလမှသာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၁၃ ပွဲကစား၊ ကိုးပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၃၀ ဖြင့် ဒုတိယနေရာ ရပ်တည်လျက်ရှိသည်။