
အာဆင်နယ်အသင်းနည်းပြ အာတီတာက လိဂ်ဖလားပြိုင်ပွဲ ရှုံးနိမ့်မှုကို ဒူဘိုင်းခရီးစဉ်တွင် ပြန်လည်အားဖြည့်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
အာဆင်နယ်အသင်းသည် ဖေဖော်ဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် နယူးကာဆယ်အသင်းအား အဝေးကွင်း၌ (၀-၂) ဂိုးဖြင့် ထပ်မံရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။
ပထမအကျော့တွင်လည်း နယူးကာဆယ်အသင်းက အဝေးကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရထားရာ နှစ်ကျော့ပေါင်းရလဒ် (၄-၀) ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် အာတီတာက ''ကျွန်တော်တို့ ဒါကိုမေ့ပစ်ရပါမယ်။ ဒါက ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ ကျွန်တော်တို့မှာ မျှော်လင့်ချက်တွေအများကြီးရှိခဲ့ပါတယ်။ ဒီစမ်းသပ်မှုက ခက်ခဲတယ်ဆိုတာ လန်ဒန်မှာရခဲ့တဲ့ ရလဒ်ကြောင့်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး။ ပြီးခဲ့တဲ့ မိနစ်အနည်းငယ်တုန်းကပဲ ကွင်းထဲမှာ ကျွန်တော်တို့ လုပ်နိုင်တာရှိပါတယ်။ ပထမဆုံးအနေနဲ့ ဒါက နာကျင်စရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဒူဘိုင်းမှာရှိနေတုန်း အားပြန်ဖြည့်ပြီးတော့ ထပ်ပြီးသွားရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ကစားစရာပွဲတွေ အများကြီးကျန်ပါသေးတယ်'' ဟု ပြောကြားသည်။
ထို့ပြင် တံကောက်ကြောဒဏ်ရာကြောင့် ပထမပိုင်း ၃၇ မိနစ်မှာပင် လူစားလဲခဲ့ရသည့် တောင်ပံကစားသမား မာတင်နယ်လီ၏အခြေအနေနှင့်ပတ်သက်၍ အာတီတာက ''သူက တစ်ခုခုခံစားခဲ့ရတယ်။ အဲဒါက တံကောက်ကြောဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ သူက ဆက်ကစားဖို့ အဆင်မပြေတော့ပါဘူး။ အဲဒါကြောင့် ဒဏ်ရာရဲ့အခြေအနေကို သိရဖို့ မနက်ဖြန်မှာ MRI Scan လုပ်ရမှာပါ'' ဟု ဆက်လက်ပြောကြားသည်။
မာတင်နယ်လီ၏ ဒဏ်ရာမှာ အာဆင်နယ်အသင်းတိုက်စစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်စေပြီး ဆာကာနှင့် ဂျေးဇူးတို့မှာလည်း ဒဏ်ရာများကြောင့် ကာလရှည်အနားယူနေရသည်။