Myanmar Transparency News

ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ၆ သိန်းနဲ့အတူ ထိုင်းရဲ ဖမ်း

၆.၂.၂၀၂၅
Translated by Htwe Ko Tun

ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့ကို ထိုင်းနိုင်ငံ၊ နာခွန် ဆီသမ်မာရတ်ပြည်နယ်၊ Thung Song ခရိုင်အတွင်းမှာ မူးယစ်ဆေးဝါး Speed ဆေးတောင့် ၆၀၀,၀၀၀ နဲ့အတူ ဖေဖော်ဝါရီလ ၆ ရက် မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆေးဝါးတွေကို ထိုင်းနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းရှိ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားတွေဆီကို ပို့ပေးခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံအရာရှိတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပြင် Thung Song ခရိုင် ရဲစခန်းက အရာရှိတွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့က အသက် ၂၈ နှစ်ရှိ ထိုင်းနိုင်ငံသားနဲ့ အသက် ၂၁ နှစ်ရှိ မြန်မာနိုင်ငံသားတို့ကို Nong Hong မြို့နယ်က အိမ်တစ်အိမ်မှာ မူးယစ်ဆေးတွေနဲ့ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းက မူးယစ်သုံးစွဲသူတွေဆီ ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကတစ်ဆင့် မူးယစ်ဆေးအများအပြားပေးပို့ဖို့ရှိတယ်ဆိုတဲ့သတင်းတွေအရ လှုပ်ရှားမှု ပြုနေကြတာပါ။

ရဲတပ်ဖွဲ့က အဲဒီကုမ္ပဏီဆီ နိုင်ငံမြောက်ပိုင်းက ပါဆယ်ထုပ်တွေရောက်လာရာမှာ ပါဆယ်ထုပ်တွေအတွင်း စစ်ဆေးဖို့ရှိတယ်လို့ ကုမ္ပဏီကိုပြောပြီး စစ်ဆေးမှုပြုခဲ့တာလို့လည်း သိရပါတယ်။ အဲဒီမှာ ချင်းမိုင်ကရောက်လာတဲ့ မသင်္ကာဖွယ် ပါဆယ်ထုပ် ၁၂ ထုပ်ကိုတွေ့ခဲ့တယ် ဆိုပါတယ်။ ဆက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက ကုမ္ပဏီကို ပါဆယ်ထုပ်တွေပို့ရမယ့် အိမ်ကို လိုက်ပို့ခိုင်းခဲ့ပါတယ်။

အဲဒီအိမ်ကနေ ဖမ်းဆီးမိသူနှစ်ဦးက ပါဆယ်တွေကို လက်ခံရယူချိန်မှာ ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ စစ်ဆေးရာမှာတော့ သူတို့နှစ်ယောက်ဆီ ချင်းမိုင်က မူးယစ်ဆေး ရောင်းဝယ်သူတစ်ဦးက ပို့ပေးခဲ့တာလို့ ဝန်ခံခဲ့ကြတာကြောင့် သူတို့နှစ်ဦးကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ သိရပါ တယ်။

Ref- Bangkok Post

မူရင်းသတင်း — Myanmar Transparency News