Myanmar Transparency News

အဝတ်နှင့် စောင်ပေါ် ဝမ်းသွားမိသော ၆နှစ်အရွယ် မိန်းကလေးငယ်ကို အဒေါ်က ရိုက်နှက်ရာမှ သေဆုံးမှု သံဖြူဇရပ်တွင် ဖြစ်ပွား

၆.၂.၂၀၂၅
Written by KL

အဝတ်အစားပေါ်နှင့် စောင်ပေါ်တွင် ဝမ်းသွားမိသော အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဒေါ်ဖြစ်သူက ရိုက်နှက်ရာမှ သေဆုံးမှု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီရပ်ကွက်၊ တောရကျောင်းလမ်းရှိ နေအိမ်တစ်လုံးတွင် ဖေ​ဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက အဒေါ်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒေါ်ငွေအောင်က တူမဖြစ်သူ အသက် ၆ နှစ်အရွယ် မနှင်းဖြူဖြူထွေးကို လုံးပတ် ကျပ်လုံးအရွယ်ရှိသော ဝါးဆစ်ပိတ် တံမြက်စည်းတုတ်ချောင်းဖြင့် ခန္ဓာကိုယ်အနှံ့ကို ရိုက်နှက်ခဲ့ပြီး ကလေးမှာ အိပ်ပျော်သွားခဲ့ရာ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရိုက်ခံရတဲ့ကလေးက သတိမေ့သလိုလို၊အိပ်ပျော်သလိုဖြစ်သွားတာကို အိမ်သားတွေက သတိမထားမိဘူး။ နောက်တစ်နေ့မနက် ကလေးရဲ့အဖေ သွားနှိုးတော့ ကလေးက အသက်မရှိတော့ဘူး။ ကလေးက ရင်ခွင်ထဲထည့်ထားရမယ့်အရွယ်​လေးကို ရိုက်သတ်ခံရတာ။ ပြင်းပြင်းထန် ထန် အရေးယူပေးစေချင်တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဝမ်းသွားမိသည်ကို ဒေါသဖြစ်ကာ ရိုက်နှက်ခံရသော ကလေး၏ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ၊ ရင်ဘတ်၊ ကျောအပါအဝင် ခန္ဓာကိုယ်အနှံ့တွင် ညိုမဲ ဖူးယောင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

အရိုက်ခံရ၍ သေဆုံးခဲ့သော မနှင်းဖြူဖြူထွေး၏ ရုပ်အလောင်းကို စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခဲ့သော အဒေါ်ဖြစ်သူ အသက် ၄၂နှစ်အရွယ် ဒေါ်ငွေအောင်ကို ဖမ်းဆီးကာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် သံဖြူဇရပ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News